ကုန်းဘောင်ခေတ်၏ နောက်ဆုံးအားမာန်-မကြန်


ရေးသူ - Nyan Myo Aung

ကနောင် မင်းသားကြီးရဲ့ ရေမြှုပ်ဗုံးကြောင့် သတ္တဝါတွေ သေကုန်ကြတော့မှာပဲလို့ မင်းဆရာက မိန့်ပြီးတဲ့နောက်ပိုင်း မင်းတုန်းဘုရင်ဟာ ခေတ်မီ လက်နက် စမ်းသပ်ထုတ်လုပ်မှုကို ရပ်တန့်စေခဲ့ကြောင်း ပါးစပ်ပြော သမိုင်းဟာ ယုံတမ်းမျှသာ ဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါ်ကြန်က ဆိုပါတယ်။ ရှာဖွေ တွေ့ရသမျှ သမိုင်းအထောက်အထားတွေအရ ကနောင်မင်းသားကြီး အလုပ်ကြံခံရပြီးနောက်ပိုင်းလဲ ခေတ်မီ လက်နက်စက်ရုံ ရက်ကန်း စက်ရုံ ဒင်္ဂါးစက်ရုံ တည်ထောင်ရေးနဲ့ အီတလီ ပြင်သစ် အင်ဒိယ နိုင်ငံခြား တိုင်းပြည်တွေဆီ ပညာသင်စေလွှတ်မှုတွေ ရှိမြဲဖြစ်ကြောင်း ဒေါ်ကြန်က ထောက်ပြခဲ့ပါတယ်။

ဒီခေတ်မီရေး ဆောင်ရွက်ချက်ကို အဟန့်အတား ဖြစ်စေတဲ့ အချက်တွေထဲက တစ်ချက်ကတော့ နယ်ချဲ့အင်္ဂလိပ်အစိုးရဟာ ဗမာပြည်ပင်လယ် ထွက်ပေါက်ကို စိုးမိုးထားနိုင်တာရယ် ဗမာဘုရင်တွေက စစ်လက်နက် စက်ပစ္စည်း စက်ရုံသုံးတန်ဆာပလာတွေ ဝယ်ယူချင်တဲ့အခါ အောက်ဗမာပြည် နယ်ချဲ့အင်္ဂလိပ် အစိုးရဆီက ခွင့်ပြုချက် ယူရတာတွေဟာလဲတခုအပါအဝင်ပါပဲ။ ဗမာပညာသင်တွေဟာ မင်းမှုထမ်းတွေနဲ့ ကုန်သည်တွေရဲ့ သားသမီးတွေ ဖြစ်ပြီး ယေဘုယျအားဖြင့် ပညာသင်လွှတ်ချိန်မှာ အသက်အရွယ်အရ ငယ်လွန်းကြသေးတယ်။ သင်ယူခိုင်းသမျှ ဘာသာရပ်တွေဟာ လက်နက် ထုတ်လုပ်ရေးနဲ့ စက်ရုံတွေအကြောင်းပဲ ဖြစ်ပြီး အုပ်ချုပ်ရေး ဥပဒေရေး ဆိုင်ရာ ဘာသာရပ်မျိုးတွေ သင်ယူခိုင်းတာ မတွေ့ရကြောင်း ဒီ့အတွက် ဗမာဘုရင်တွေရဲ့ ခေတ်မီရေး လုပ်ဆောင်ချက်တွေဟာ ဘုရင်နဲ့ ဘုရင်အနွယ်တော်တွေ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ ပဒေသရာဇ်အုပ်ချုပ်ရေးကို ဆက်ထိန်းထားနိုင်ရေးနဲ့ နယ်ချဲ့ အင်္ဂလိပ် လက်က ကာကွယ်ရေးသာ ဖြစ်ကြောင်း ဒေါ်ကြန်က ကောက်ချက်ချခဲ့ပါတယ်။

ဒေါ်ကြန် ရေးတဲ့ တခြားစာတွေကတော့ "မဟာဝန်ရှင်တော်မင်း အုပ်ချုပ်ရေး" "ကိုလိုနီခေတ် ကျေးရွာအုပ်ချုပ်ရေး"တွေပါ။ တစ်အုပ်မှ ၉၀၀/၁၀၀၀ ကျပ်ရယ်ပါ။ တချို့အထောက်အထားတွေကို လန်ဒန် မော်ကွန်းတိုက်က ကူးယူထားတာတွေ ဖြစ်တဲ့အတွက် ဖတ်ရတာ အဖိုးတန်ပါတယ်။

Comments

Popular posts from this blog

တောဆရာဝန်-ထက်အောင်(ဗန်းမော်)

စိတ်ပညာ(စိတ်နဲ့အပြုအမူကိုသိပ္ပံနည်းကျလေ့လာခြင်း) Psychology(The Science of Mind and Behavior)