စိတ်ပညာ(စိတ်နဲ့အပြုအမူကိုသိပ္ပံနည်းကျလေ့လာခြင်း) Psychology(The Science of Mind and Behavior)
အညွှန်းရေးသူ - ဆွေသက်ဇော်
စာအုပ်အမည် - Psychology: The Science of Mind and Behavior
စာရေးသူ - Michael W. Passer, Ronald E. Smith
စိတ်ပညာနောက်ခံဝတ္ထုတွေကို ကြိုက်နှစ်သက်မိရာက ကိုယ်တိုင်လည်း စိတ်ပညာနောက်ခံ ဝတ္ထုတွေရေးချင်တဲ့ အိပ်မက်ရှိခဲ့ဖူးတယ်။ ဒါပေမယ့် စိတ်ပညာရပ်ကို မယ်မယ်ရရဘာမှ မလေ့လာ ဖူး။ ဒီလိုအချိန်မှာ Michael W. Passer နဲ့ Ronald E. Smith တို့ရေးသားတဲ့ စိတ်ပညာ(စိတ်နဲ့အပြုအမူကိုသိပ္ပံနည်းကျလေ့လာခြင်း) Psychology
(The Science of Mind and Behavior) စာအုပ်ကို ဖတ်ခဲ့ရတယ်။ စဖတ်ချိန်မှာ ဖတ်ချင်စိတ်ကြောင့် ကောက်ဖတ်လိုက်ရပေမယ့် စိုးရိမ်စိတ်ကတော့ ရှိနေခဲ့တယ်။ ကိုယ်မသင်ဖူး တဲ့ ဘာသာရပ်တခုကို အင်းဂလစ်ရှ်လို ကိုယ့်ဘာသာလေ့လာနိုင်ပါ့မလားပေါ့။ တကယ်ဖတ်တဲ့ အခါမှာတော့ အဆင်လည်းပြေသလို စာအုပ်ကိုလည်း အတော်လေးနှစ်ခြိုက်မိသွားတယ်။ ကျနော့်အနေနဲ့ ဒီစာအုပ်ကိုသာ မဖတ်မိပဲ မြန်မာဘာသာစကားနဲ့ရေးထားတဲ့ စိတ်ပညာစာအုပ်တွေ ကိုသာ စဖတ်မိခဲ့မယ်ဆိုရင် စိတ်ပညာဆိုတာ အတော်ခက်ပါလားလို့ ထင်ပြီး နောက်တွန့်သွား ကောင်းသွားလိမ့်မယ်။
ဒီစာအုပ်ကိုပြုစုရေးသားသူထဲက တဦးဖြစ်တဲ့ Dr. Passer ဟာ လူမှုရေးစိတ်ပညာပါရဂူဘွဲ့ကို ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ ရရှိခဲ့ပြီး ဝါရှင်တန်တက္ကသိုလ်မှာ စိတ်ပညာသင်ကြားနေ တယ်။ Dr. Smith ကတော့ ကုသရေးစိတ်ပညာနဲ့ ဇီဝကမ္မဗေဒဆိုင်ရာစိတ်ပညာတို့မှာ အထူးပြု လေ့လာခဲ့ပြီး ပါရဂူဘွဲ့ရခဲ့တယ်။ ဝါရှင်တန်တက္ကသိုလ်မှာ စိတ်ပညာဌာန ပါမောက္ခလည်းဖြစ် သလို ကုသရေးစိတ်ပညာရဲ့ဒါရိုက်တာလည်းဖြစ်တယ်။
ဒီစာအုပ်ဟာ မိတ်ဆက်စိတ်ပညာစာအုပ်တအုပ်ဖြစ်တယ်။ ဆိုတော့ စိတ်ပညာဘာသာရပ်ရဲ့ ဘာသာခွဲတခုချင်းစီကို အသေးစိတ်တော့ လိုက်ရေးမထားဘူး။ အခန်းတခန်းချင်းစီအနေနဲ့ပဲ ပြုစုထားတယ်။ အခန်း ၁၇ခန်းနဲ့ နောက်ဆက်တွဲရယ် ပါတယ်။ ပညာရပ်ဆိုင်ရာ စာအုပ်ဆိုရင် ပျင်းရိစရာ ရယ်လို့ ထင်မှတ်တတ်ကြတယ်။ ဒီစာအုပ်ကိုပြုစုသူတွေဟာ ဒီထင်မှတ်ထားမှုကို ချေဖျက်ပြချင်ပုံပေါ်တယ်။ အခန်းတခန်းချင်းစီရဲ့ အစမှာ သက်ဆိုင်ရာအခန်းနဲ့ဆိုင်တဲ့အကြောင်း အရာကို လေ့လာချင်စိတ်ရှိအောင် နှိုးဆွနိုင်တဲ့ သမိုင်းထဲက တကယ့်အဖြစ်တွေကို မိတ်ဆက် ဖော်ပြလိုက်တယ်။ ဥပမာ သိပ္ပံနည်းကျအပြုအမူကိုလေ့လာခြင်း ဆိုတဲ့ အခန်း ၂ ကိုဖတ်တော့ မယ်ဆိုရင် သိပ္ပံနည်းကျလေ့လာခြင်းနည်းတွေကို တန်းပြီး ရေးမပြသေးဘူး။ အဲဒီနည်းတွေကို လေ့လာချင်စိတ်ပေါက်လာအောင် အခုလို အရင်မိတ်ဆက်ပေးတယ်……
[ဆောင်းဝင်ခါနီးအချိန်။ "ထဲရိုင်း"ဆိုတဲ့အမျိုးသမီးတစ်ယောက် တနင်္ဂနွေတစ်မနက်မှာ "အော့ရဂန်"မြို့ကို ကားမောင်းပြီးလာနေတယ်။ အဲဒီအချိန် ရုတ်တရက်တွေ့လိုက်ရတဲ့ အဖြစ်အပျက်။ "တဲရိုင်း"ရဲ့ရှေ့ကသွားနေတဲ့ အမိုးဖွင့်ထရက်ကားလေးဟာ လမ်းချော်ပြီး ဘေးကိုဖဲ့ထွက်သွားတယ်။ ချောင်းကမ်းပါးစွန်းမှာ သွားတင်နေတယ်။ ဒီအဖြစ်အပျက်ကိုမြင်တွေ့လိုက်ရတဲ့ "ထဲရိုင်း"က ခြေထောက်မသန်စွမ်းသူ၊ လက်တွေကလည်း အတန်အသင့်သာ အသုံးပြုလို့ရတဲ့သူ၊ ဒါပေမယ့် "ထဲရိုင်း"တစ်ယောက် သူမ စီးလာတဲ့ ဗန်ကားလေးကိုရပ်လိုက်တယ်။ ဘီးတပ်ကုလား ထိုင်လေးကို ကိုယ်တိုင်ချ ထိုင်လိုက်တယ်။ ကားမှောက်တဲ့နေရာကို ဦးတည်သွားတယ်။ ကမ်းပါးစွန်းရောက်တော့ ဘီးတပ်ကုလားထိုင်လေးပေါ်ကဆင်း စိုစွတ်နေတဲ့ကမ်းပါးတစ်လျှောက် လျှောဆင်းသွားရတယ်။ သွေးထွက်သံယို ဖြစ်ပြီး မူးဝေနေတဲ့ကားဒရိုင်ဘာဆီရောက်အောင်"ထဲရိုင်း"ခမျာ တွားသွားခဲ့ရတယ်။ ဆေးဘက်အကူတွေ ရောက် မလာမချင်း ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးခဲ့တယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး "ထဲရိုင်း"က အခုလိုပြောခဲ့တယ်။ "ဘယ်သူမဆို ကျွန်မလုပ်ခဲ့သလိုလုပ်မှာပဲလို့ ထင်တယ်၊ ရှင့်မျက်စိရှေ့မှာ ကားတစ်စီး လမ်းဘေးရေမြောင်းထဲ ထိုးကျသွားတယ်ဆိုပါတော့၊ မကူညီဘဲနေမယ်လို့ ကျွန်မ မထင်ဘူး" ဒါပေမယ့်လည်း ကံမကောင်းစွာပဲ စိတ်ကူးနဲ့ မှန်းဆကြည့်လို့မရနိုင်တဲ့အရာတွေ ထပ်ပြန်တလဲလဲ ဖြစ်နေဆဲ။
၂၀၀၆ ခုနှစ်၊ ပူနွေးတဲ့နွေတစ်ညနေ။အိမ်တစ်အိမ်ထဲကပေါ်ထွက်လာတဲ့ သေနက်သံတွေဟာ ငြိမ်းချမ်းနေတဲ့ မြောက်"ထရွန်းထို"မြို့က လူနေအိမ်တွေရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဖြိုခွဲလိုက်တယ်။ လူနှစ်ဆယ်လောက် သေနတ်သံတွေကို ကြားခဲ့ကြတယ်။ ဒါပေမယ့် အဲဒီအနီးအနားတစ်ဝိုက်မှာ နေထိုင်သူတွေကတော့ နိစ္စဓူဝ အလုပ်တွေကို မပျက်ကွက်ခဲ့။ ခွေးနဲ့ လမ်းလျှောက်ထွက်သူကထွက်၊ ပန်းပင်ရေလောင်းသူက လောင်းနေမြဲ။ အိမ်နောက်ဖေးကဥယျာဉ်လေးမှာ ဇိမ်ခံမပျက်ခဲ့ကြ။ ရဲစခန်းကိုတောင် ဖုန်းဆက်အကြောင်းမကြားခဲ့ကြ။ ဒီသေနက် သံတွေအဆုံးမှာ ကားဂိုဒေါင်ထဲ လူနှစ်ယောက်သေနေတာကို တွေ့ခဲ့ရတယ်။
သေဆုံးသူနှစ်ယောက်ထဲက တစ်ယောက်ရဲ့ဇနီး တွေ့ခဲ့တာဖြစ်တယ်။
(၁၀)လလောက်ကြာပြီးတော့ "ဒထရွိုက်"မြို့မှာ (၉၁)နှစ်အရွယ်အဘိုးကြီးတစ်ယောက် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံရောက်လာတယ်။ ကား အပိုင်စီးသူက ထိုးကြိတ်ရိုက်နှက်လိုက်လို့ အပြင်းအထန်ဒဏ်ရာရလာခဲ့ခြင်းဖြစ်တယ်။ ကားအပိုင်စီးသူက အဲလို ထိုးကြိတ်ရိုက်နှက်တာကို ဘေးကရပ်ကြည့်နေတဲ့သူ တွေ့ရှိခဲ့တယ်။ ဒါပေမယ့် သူတို့ဝင်ရောက်မကူညီခဲ့ကြဘူး။ စတိုးဆိုင်မှာတပ်ထားတဲ့ လုံခြုံရေးကင်မရာက အဲဒီအဖြစ်အပျက်ကို ဗွီဒီယိုမှတ်တမ်းတင်ထားခဲ့တယ်။ အဲဒီ ဗွီဒီယို ကြည့်ပြီး အဘိုးကြီးရဲ့သားက မယုံကြည်နိုင်စွာနဲ့ပဲ အခုလို မှတ်ချက်ပြုခဲ့တယ်။ "ဘေးက ရပ်ကြည့်နေနိုင်သူတွေရှိမယ်လို့ တစ်ခါမှ မတွေးဖူးဘူးဗျာ"တဲ့။
အလားတူဖြစ်ရပ်မျိုးတွေ ရှိနေပါသေးတယ်။
၁၉၆၄ ခုနှစ်၊ မတ်လ။"ခစ်တီဂျန်းနဗီး(စ်)"ဆိုတဲ့အမျိုးသမီး တစ်ယောက် အလုပ်ကနေ နယူးယော့(ခ်)မြို့ကိုပြန်အလာ ဓားထိုးသတ်ခံခဲ့ရတယ်။ မနက်(၃)နာရီလောက်မှာ ဖြစ်ခဲ့ တာ။ ဓားနဲ့ထိုးသတ်နေတာ မိနစ်သုံးဆယ်လောက်ကြာတယ်။ အဲဒီအနီးအနားတစ်ဝိုက်ကလူတွေကလည်း မြင်နေခဲ့ တယ်။ "ဂျန်းနဗီး(စ်)"ရဲ့အော်သံ၊ အကူအညီတောင်းသံတွေကို သူတို့ကြားနေခဲ့ကြတယ်။ တော်တော်များများက ပြူတင်းပေါက်လေးဖွင့်ပြီး ရပ်ကြည့်နေခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မကူညီခဲ့ကြဘူး။ ရဲတွေရောက်လာချိန်မှာ "ဂျန်းနဗီး(စ်)"ဆုံးပါးသွားခဲ့ပြီ။ ဒီအဖြစ်အပျက်ကြောင့် အများပြည်သူကလည်း ထိတ်လန့်တုန်လှုပ်လာတယ်။ နိုင်ငံ တကာကလည်း အာရုံစိုက်လာတယ်။ ဝေဖန်သူတွေကတော့ ဒီရက်စက်ရမ်းကားမှုဖြစ်ရပ်အပေါ် အခုလိုမှတ်ချက်ပြု ခဲ့ကြတယ်။ "ဘေးကရပ်ကြည့်နေသူရဲ့ စိတ်မ၀င်စားမှု"တဲ့။ "ဘေးကရပ်ကြည့်နေသူရဲ့ ပါဝင်ကူညီဖို့ ငြင်းဆန်မှု"တဲ့။
သိပ္ပံမှာ မကြာခဏဆိုသလိုဘဲ စုံထောက်ဝတ္ထုကောင်းတစ်ပုဒ်လိုမျိုး အံ့သြဆန်းကြယ်မှုတွေအပြည့်နဲ့။ ဘေးကရပ်ကြည့်နေသူ ကြားဝင်စွက်ဖက်ခြင်းဆိုတဲ့ စိတ်ပညာပဟေဠိကိုပဲ စဉ်းစားကြည့်ပါ။ တကယ်လို့သာ သင်ဟာ ဒုက္ခရောက်နေတယ်ဆိုပါတော့။
ဘေးကရပ်ကြည့်နေသူတွေရဲ့အကူအညီကိုလည်း လိုအပ်နေတယ်။ အဲဒါ ဆိုရင် သူတို့ဆီကအကူအညီကိုယူမလား။ "ထဲရိုင်း"လိုမျိုး သာမန်နိုင်ငံသားတွေဟာ လိုအပ်နေသူတွေကို မကြာခဏကူညီလေ့ရှိကြတယ်။ ဒါပေမယ့်လည်း "ခစ်တီဂျန်းနဗီး(စ်)"အသတ်ခံရတဲ့ကိစ္စမျိုး။
အဲဒီဖြစ်ရပ်လို အလားတူ ကြေကွဲဖွယ်ဖြစ်ရပ်မျိုးတွေက ရှိနေတယ်။ ဆိုတော့ လူတွေဟာ တခြားလူတွေကို အမြဲတမ်းကူညီလေ့မရှိပါဘူး။ တစ်ခါတလေမှာ လူတွေက ကိုယ်မသိတဲ့သူစိမ်းတစ်ယောက်ကို ကူညီဖို့ ဘာကြောင့် ထိခိုက်ဒဏ်ရာရခံ၊ အသေခံပြီး စွန့်စားကြတာလဲ။ တစ်ခါတလေမှာကျတော့ အန္တရာယ်မများလှတဲ့ကိစ္စရပ်လေးတွေ မှာတောင် ဘာ့ကြောင့် ၀င်ရောက်မကူညီချင်ကြတာလဲ။
ဥပမာ-ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတာမျိုး။ ကျွန်တော်တို့ ဒီပဟေဠိကို အဖြေရှာကြည့်ရအောင်။
ဒီအခန်းမှာ စိတ်ပညာသိပ္ပံရပ်ကို အုတ်မြစ်ချပေးတဲ့ပညာရပ် အခြေခံမူတွေကို လေ့လာစူးစမ်းကြည့်ပါမယ်]
……အဲ့လို စာဖတ်သူက သက်ဆိုင်ရာအခန်းမှာရေးထားတဲ့အကြောင်းအရာတွေကို စိတ်ဝင်စားလာအောင် လှုပ်နှိုးပြီးတော့မှ သက်ဆိုင်ရာအခန်းကို ရေးသွားတယ်။ ဒီလိုအခန်းအဖွင့် မှာ မိတ်ဆက်ပေးခြင်းဟာ စာဖတ်သူစိတ်ကိုလှုပ်နှိုးဖို့သက်သက်တင် မဟုတ်ပြန်ဘူး။ သက်ဆိုင်ရာ အခန်းမှာရေးပြတဲ့ ပညာရပ်ဆိုင်ရာအကြောင်းအရာတွေကို အခန်းအဖွင့်မှာ မိတ်ဆက် ဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပြန်ချိတ်ပြပြီး ရေးသွားတော့ အယူအဆပိုင်းဆိုင်ရာ စုစည်းမှု "Conceptual integration" ရှိသွားတယ်။
နောက်ပြီး အခန်းခွဲပုံဟာ စနစ်တကျရှိလှတယ်။ စိတ်ပညာကို အခြေခံကနေ စလေ့လာလိုသူတွေ အတွက်အဆင်ပြေအောင် အခြေခံကနေတဆင့်ချင်းတက်သွားတဲ့ ပုံစံနဲ့ အခန်းခွဲထားတယ်။ ပထမဆုံးအခန်း ၁ မှာ စိတ်ပညာဆိုတာကို သိပ္ပံဘာသာရပ်အဖြစ် စတင်မိတ်ဆက်ပေးတယ်။ စိတ်ပညာရပ်ဖြစ်ပေါ်လာပုံကို ခြေရာကောက်ပြတယ်။ အခန်း ၂ မှာတော့ စိတ်ပညာရှင်တွေ သိပ္ပံနည်းကျလေ့လာရာမှာ အခြေခံသိဖို့လိုတဲ့ အခြေခံမူတွေ| သုတေသနနည်းလမ်းတွေ| ကျင့်ဝတ်တွေကို မိတ်ဆက်ပေးသွားတယ်။ အခန်း ၃မှာတော့ ဒီကနေ့ခေတ်စိတ်ပညာရပ်ကို လေ့လာရမှာ အခြေခံအဖြစ်သိကိုသိထားရမယ့် ဗီဇ ပတ်ဝန်းကျင် နဲ့ အပြုအမူ အကြောင်းကို ရေးပြတယ်။ အခန်း ၄မှာတော့ ဦးနှောက် နဲ့ အပြုအမူအကြောင်းကို မိတ်ဆက်ပေးတယ်။ စိတ်ပညာဆိုတာကို စိတ်တွေ စေတသိတ်တွေနဲ့ လုံးလည်လိုက်နေတယ်လို့ ထင်သူတွေအဖို့ တော့ ဒီအခန်းတွေကို ဘာလို့လေ့လာရလဲ စောဒကတက်ချင်စရာ။ စိတ်နဲ့အပြုအမူကို သိပ္ပံနည်းကျ လေ့လာလိုသူ စိတ်ပညာရှင်တွေအဖို့တော့ ဦးနှောက်အတွင်းက လုပ်ငန်းဆောင်တာ တွေအကြောင်း သိနားလည်ဖို့ အထူးလိုအပ်တယ်။
အခန်း ၅မှာတော့ အာရုံနဲ့အာရုံကိုအဓိပ္ပာယ်ဖော်ခြင်း "sensation and perception" ကို ရေးသားထားတယ်။ အမြင်| အကြား စတဲ့ အာရုံတွေ| အဲဒီအာရုံတွေကို ဘာရယ်လို့ အဓိပ္ပါယ် ဖော်ကြည့်ခြင်းတွေဟာ သာမန်လူအများစုအတွက်တော့ လွယ်လင့်တကူလက်ခံထားတဲ့ အရာတွေသာဖြစ်တယ်။ ဒါဆို ဟယ်လင်ခဲလာ လိုလူတွေနေရာကနေစဉ်းစားကြည့်ရင် ဘယ်လိုနေမလဲ။ အာရုံတွေကကော လူတွေရဲ့စိတ်ကို ဘယ်လိုလှည့်စားထားသလဲ။ အာရုံ တွေကို အဓိပ္ပါယ်ဖော်ကြည့်ခြင်းဖြစ်စဉ်မှာ လူတွေရဲ့ နဂိုရှိနှင့်ထားပြီးသား ယုံကြည်မှုတွေ|တန်ဖိုး ထားမှုတွေ| တွေးခေါ်မှုပုံစံတွေက ဘယ်လိုဘက်လိုက်မှုတွေဖြစ်စေလဲ စတဲ့ အကြောင်းအရာတွေ ကို တူးဆွထားတဲ့ အခန်းဖြစ်တယ်။
ကျန်တဲ့အခန်းတွေကတော့အခန်း၆။သိစိတ်အခြေအနေများ|အခန်း၇။လေ့လာခြင်းဆိုတာ| အခန်း၈။ မှတ်ဉာဏ်| အခန်း၉။ ဘာသာစကားနဲ့တွေးခေါ်မှု| အခန်း၁၀။ဉာဏ်ရည်ဉာဏ်သွေး| အခန်း၁၁။စေ့ဆော်အားနဲ့အီမိုးရှင်| အခန်း၁၂။ဘဝတလျှောက်တိုးတက်ဖွံ့ဖြိုးမှုဖြစ်စဉ်| အခန်း၁၃။ဖာဆန်နဲလထီ| အခန်း၁၄။ ဘဝကို လိုက်လျောအဆင်ပြေအောင်ပြုမူခြင်း| အခန်း၁၅။စိတ်ပိုင်းဆိုင်ရာရောဂါများ| အခန်း၁၆။ စိတ်ပိုင်း ဆိုင်ရာရောဂါတွေကိုကုသခြင်း| အခန်း၁၇။လူမှုရေးရာတွေးခေါ်မှုနဲ့အပြုအမူ | နောက်ဆက်တွဲအ နေနဲ့ကတော့ စာရင်းအင်း ပညာမိတ်ဆက်။ စာအုပ်အညွှန်းနဲ့တင်စာကအတော်ရှည်နေပြီမို့ နိဂုံးချုပ်ရရင် စိတ်ပညာကို စတင်လေ့လာလိုသူတွေအဖို့ ဖတ်သင့်တဲ့စာအုပ်တအုပ်လို့ပဲ ပြောချင်ပါတယ်။
ဆွေသက်ဇော်

Comments
Post a Comment