တောဆရာဝန်-ထက်အောင်(ဗန်းမော်)



အညွှန်းရေးသူ - Lynn Sett

ဒီစာအုပ်လေးက ပါပီယွန် ညွှန်းညွှန်း နေလို့ ဖတ်ကြည့်ချင်ပေမယ့် စာအုပ်က ဆိုင်တွေမှာ ဝယ်မရတော့ပါဘူး။ ညွှန်းဆို ထက်အောင် ( ဗန်းမော်) ဆိုတာက သူ့ သူငယ်ချင်းအရင်းကြီးကိုး။ဒီလိုပြောတော့ ဆြာပါပီက သူ့မှာ ရှိတဲ့ စာအုပ်လေးကို ယူလာပေးတယ်။ ဖတ်ကြည့်တော့ သိပ္ပံမောင်ဝတို့ရေးသလို ဝတ္ထုဆောင်းပါးလို့ ပြောရမလားပဲ။ ကိုယ်တွေ့ဖြစ်ရပ်တွေကို ဝတ္ထုပုံစံ ဇာတ်လမ်းဆင်ပြီး ရေးဖွဲ့ထားတာမျိုး။ 

ဝတ္ထုတို ၂၅ ပုဒ်ပါတာဆိုတော့ တပုဒ်ကို စာတပိုဒ်နှုန်းနဲ့ ညွှန်းရင်တောင် ၂၅ ပိုဒ်ရေးရလိမ့်မယ်။ ဆိုတော့ စာ အတော်ရှည်သွားမယ်။
တကယ်ညွှန်းမယ်ဆိုလည်း ဝတ္ထုတို တစ်ပုဒ်က စာတပိုဒ်စာ မကဘူး။ တွေးလို့ ရေးလို့ ရတာမျိုးတွေချည်းပါပဲ။ တောဆရာဝန် ဆိုတဲ့ အတိုင်း တောအရပ်က လူနာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကမောက်ကမအဖြစ်တွေ ရယ်မောစရာတွေ ရင်မောစရာတွေရင်နင့်ဖွယ်ရာတွေကို ရေးထားတာပေါ့။


ဆရာဝန်ကြီးထံ လွှဲပို့လိုက်ပါသည် ဆိုတဲ့ တစ်ပုဒ်မှာ တနေ့တော့ အမျိုးသမီးကြီးတစ်ဦးက ဆေးခန်းလာပြတယ်တဲ့။ ဘာဖြစ်တာလဲမေးတော့ ဆီးပူလို့ပါဆြာတဲ့။ ဒါနဲ့ ဆရာဝန်ကလည်း။ ကောင်းပြီပေါ့။လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ်။ ပိုပြီးသေချာသွားအောင် ဆီးစစ်ခိုင်းလိုက်တယ်။ အဲ့မှာ ဆီးစစ်ပြီး ထွက်လာတဲ အဖြေက ဘာမှ မဖြစ်ဘူး အားလုံးကောင်းနေရော။ ဒီတော့ မေးရပြီးပေါ့။ ဒေါ်ကြီး ဘယ်လိုဖြစ်တာတုန်း ဆီးပူတာ ဘယ်လို သိတာတုန်းဆိုတော့မှ ညက အပြင်မထွက်ဖြစ်လို့ အိုးထဲ ပေါက်ချလိုက်တာ အိုးထဲက ဆီးတွေက ပူနေတယ် ဆရာရယ်တဲ့လေ။ ဖြစ်ရလေတယ်။
ဒါက ရယ်စရာ နမူနာ တခုအနေနဲ့ ပြောပြတာ။ ပြောခဲ့သလို စာပုဒ်တိုင်းမှာ ရေးစရာတွေချည်းပါပဲ။ ဆိုတော့ စာအုပ်ထဲပါတဲ့ မောင်ကျော်သာ (ပဲခူး) ရဲ့ အမှာစာထဲက ကောက်နှုတ်ချက်နဲ့ စာအုပ်ဖတ်ပြီး မားဆိုးရေးတဲ့ စာကိုသာ ဖော်ပြလိုက်ပါတော့မယ်။
( ဒီနည်းက သက်သာတယ် အရှည်ရေးနေစရာ မလိုတော့ဘူး 😋😋😋)
'လူတွေ၏စရိုက်၊လူတွေ၏အဇ္ဈတ္တ၊လူတွေ၏လူပီသသောအမှား၊ဆေးခန်း၊လူနာ၊ရောဂါ၊တော ဆရာဝန်၊ယောကျာ်း၊မိန်းမ၊ကလေး၊ဘုန်းကြီး၊ ဘဝအစကတည်းက လူတွေမှာပါလာသည့် ဒုက္ခ၊ကြောက်ရွံ့မှု၊ လိင်စိတ်၊အချစ်၊နာကျင်မှု၊ အစရှိသည့် လူနှင့်လူမှုဒုက္ခတွေဟာ သူ့ဝတ္ထုတိုတွေကနေ ကျွန်တော့်နှလုံးသားကို စီးမျောကာ အနည်ပို့ချလာခဲ့သည်။ သူ့စာဘယ်လောက်ကောင်းပြီး သူရေးသည့် အကြောင်းအရာအပေါ် သူဘယ်လောက်ပိုင်နိုင်ကို ကျွန်တော် နှမ်းဖြူးဖို့ မလိုပါ။'
-မောင်ကျော်သာ(ပဲခူး)

'တောဆရာဝန် ဆိုတဲ့စာရေးဆရာကိုမဟားဒယားခိုက်နေပါတယ် စာမဖတ်တာအတော်ကြာ အချိန်ပေးဖတ်ရကျိုးနပ်မယ့်စာအုပ်။ ဟို့အရင် ပိတောက်ပွင့်သစ်မှာ တစွန်းတစ ဖတ်ဖူးစဉ်တည်းကခိုက်။ ခုလည်း သူ့ဝတ္ထုတိုပေါင်းချုပ်ကနဦး၂မျက်နှာနဲ့တင် ကိုယ့်ပေါင်ကိုယ်ဖြန်းခနဲရိုက် ဟုတ်လိုက်လေကွာ..လို့ ပြုံးပြုံးကြီးကျေနပ်ရပါတယ်။ အရေးအသားပုံသဏ္ဍာန်ပိုင်းမှာ ဝတ္ထုတိုပီပီသသနဲ့ဆွဲဆောင်နိုင်၊ အကြောင်းအရာမှာလည်း တောနေလူတန်းစားရဲ့ချစ်စဘွယ်နုံနဲ့မှုကို သူတို့ဘဝတွေနဲ့ရင်ဆို့လောက်အောင်ရေးပြနိုင်။ ထူးခြားချက်က ပုံမှန်ဝတ္ထုတိုတွေ ဇာတ်သိမ်းနည်းကားပေမယ့် ရင်ထဲနင့်သွားအောင် ချည်ပြီးတုပ်ပြီး အသေရိုက်သတ်ခံရသလို ခံစားရတယ်။ ဇာတ်ပေါင်းသော်...ဆိုရာမှာ နောက်ဆုံးဝါကျဟာ စာဖတ်သူအတွက်ချဲ့တွေးနိုင်ယင်တွေးနိုင်သလောက် ရင်အောင့်ရပါတယ်။ ကျနော်ဖတ်ရင်းနဲ့ တဖွဖွထုတ်ပြောပြီး အကျေနပ်ကြီးကျေနပ်ရပါတယ်။
ဒီစာအုပ် ထွက်ပြီးပြီးချင်း ပြိုက်ခနဲကုန်သွားပါပြီတဲ့။လက်လှမ်းမီသူများ ရအောင်ရှာဝယ်ပီးသာ ဖတ်စေချင်ပါတယ်။'
-မားဆိုး

ဒီလောက်ဆိုရင် ဒီစာအုပ်အကြောင်း ကျနော်ဆက်ရေးပြဖို့ မလိုလောက်တော့ဘူး မဟုတ်လား။ စာအုပ်ကတော့ ဝယ်လို့ မရတော့ပါဘူး။ ဆုရသွားပြီးတော့ သူ့ဝတ္ထုတွေထဲပါတဲ့ ရွာက လူတွေက သူတို့ဆရာ သူတို့အကြောင်း ရေးတယ်ဆိုပြီး ဝမ်းသာအားရနဲ့ ထုတ်သမျှစာအုပ်အားလုံး လာဝယ်သွားလေသတဲ့။

Comments

Popular posts from this blog

ကုန်းဘောင်ခေတ်၏ နောက်ဆုံးအားမာန်-မကြန်

စိတ်ပညာ(စိတ်နဲ့အပြုအမူကိုသိပ္ပံနည်းကျလေ့လာခြင်း) Psychology(The Science of Mind and Behavior)