ပူလောင်အိုက်စပ်နေသော မိန်းမ-ရွှေပိုးအိမ်(ပဲခူး)
အညွှန်းရေးသူ - Lynn Set
ပူလောင်အိုက်စပ်နေသော
မိန်းမ။ ဒီစာအုပ်ထဲ ပါတဲ့ ဝတ္ထုတို တစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို
စာအုပ်နာမည်အဖြစ် ယူထားတာပါ။ စာအုပ်မျက်နှာဖုံးမှာတော့ ဝတ္ထုများလို့
မရေးထားပါဘူး။ သစ္စာနီရဲ့ အမှာစာအရ ဝတ္ထုတိုတွေလို့ ဆိုထားပါတယ်။ ဝတ္ထုတိုတွေ
အားလုံးနီးပါးဟာ အမျိုးသမီးဇာတ်ကောင်ကို အသားပေးရေးဖွဲ့ထားပါတယ်။
အမျိုးသမီးတစ်ယောက်ရဲ့ ခံစားမှု၊ အတွေးအမြင်၊ အဖြစ်အပျက် စသဖြင့်ပေါ့။
အရေးအသားနဲ့ အကြောင်းအရာကိုတင်ပြမှုပုံစံ
ဘာဖြစ်လို့
အရေးအသားပုံစံကို အထူးပြုပြောနေရလဲဆိုတော့ ကျနော့်ကို စာအုပ်အဆုံးထိ
ဖတ်ဖြစ်စေခဲ့တာဟာ ဒီစာအုပ်ထဲက ဝတ္ထုတိုတွေရဲ့ အရေးအသားစတိုင်ကြောင့်မို့ပါ။
ဝတ္ထုတိုရေးသူကတော့ သူ ကောင်းမယ်ထင်တဲ့ နည်းနဲ့ ရေးတာပါပဲ။ စာရေးသူရဲ့
ခပ်သွက်သွက် တိုတိုရှင်းရှင်း စာကြောင်းတွေဟာ ဖတ်နေသူကို
ဆွဲခေါ်သွားစေခဲ့ပါတယ်။
အကြောင်းအရာ ( ဇာတ်လမ်း )
အားဖြင့်တော့ အပေါ်ပြောခဲ့သလို ခေတ်ပြိုင် ဇာတ်လမ်းတွေပေါ့။ ဒီစာအုပ်ထဲမှာ
ဝတ္ထုတို ၁၅ ပုဒ်ပါဝင်ပါတယ်။ အားလုံးဟာ သူ့ဟာသူ ပြေပြစ်ချောမွေ့နေတဲ့
ဝတ္ထုတိုတွေပါပဲ။ ကျနော်အနေနဲ့ ပြောလို့ရမယ်ဆိုရင် တခုပြောစရာ ရှိတာက
စာအုပ်ထဲက တချို့ ဇာတ်လမ်းတွေဟာ အစပြုထားပုံကောင်းနေရက်နဲ့ အဆုံးသတ်မှာ
ပညာပေးသလိုလို သင်ခန်းစာပေးသလိုလိုပုံစံမျိုးတွေက ဆိုရှယ်လစ်သရုပ်ဖော်စာပေရနံ့ ကို
ပြန်ရမိသလိုပါပဲ။ ဥပမာအားဖြင့် ပါးကွက်ကလေး ဆိုတဲ့ ဝတ္ထုတိုထဲက
ညဖက်ဟိုတယ်ကို သွားခါနီးမှာ ဇာတ်ကောင်မိန်းကလေးပြောတဲ့ သနပ်ခါးလိမ်းထားရင်
နိုင်ငံခြားသားတွေက ပိုသဘောကျတယ်ဆိုတာမျိုးဟာ တည့်တည့်ကြီး အတုံးလိုက်ထည့်
ရေးသလိုဖြစ်နေတယ်လို့ ထင်ပါတယ်။ ဟိုတလောက ရုံတင်မြန်မာရုပ်ရှင်ဇာတ်ကားတခုမှာ
ဤဇာတ်ကားသည် ဖောက်ပြန်သော ယောကျာ်းများကို ရည်ရွယ်ပါသည်လို့
စာတန်းရေးထိုးပြီး ကြော်ညာသလ်ုပါပဲ။ ပရိတ်သတ်ကို ကိုယ့်ဟာကိုယ် မခံစားစေပဲ
ဖန်တီးသူဘက်ကနေ ဒါပါပဲလို့ အတုံးလိုက် အတစ်လိုက်ကြီး ပေးလိုက်သလိုပါပဲ။
ကချင်စစ်ပွဲနောက်ခံ တချို့ဝတ္ထုတိုတွေမှာ လည်း အဲ့လိုသဘောမျိုး
အငွေ့အသက်လေးတွေ တွေ့ရပါတယ်။ ' ရသစာပေဆိုတာ လောကသဘာဝအချက်အလက် ( Facts) ကို
အဓိကထားတဲ့ စာမျိုး မဟုတ်ပါဘူး။ ဒီအချက်အလက် အကြောင်းအရာတွေကို စာဖတ်သူကို
သိအောင်ပြုရာမှာ အချက်အလက်အရင်းခံအတိုင်းချည်း
ရေးထည့်တာမျိုး မဟုတ်ပဲ စာဖတ်သူရဲ့ စိတ်ထဲမှာ ဖတ်နေရင်း အလိုအလျောက်
ခံစားမှု ဖြစ်စေတာမျိုးပါ' လို့ ဆရာဇော်ဂျီ ရေးခဲ့ဖူးပါတယ်။ ဒါတွေက
ဒီစာအုပ်ကို ဖတ်ပြီး ကျနော့်ရဲ့ တသီးပုဂ္ဂလအမြင်နဲ့ ခံစားမှုသက်သက်ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငြီးငွေ့ရိုးအီစရာ ကောင်းပြီး
ဖန်တရာတေနေတဲ့ဇာတ်လမ်းတွေ ကြားမှာ ခုလို အရေးအသားရော အကြောင်းအရာပါ
သမားရိုးကျ မဟုတ်ပဲ သာမန်နဲ့ မတူတဲ့ ဝတ္ထုတိုတွေ ပုံစံတွေနဲ့ စာရေးသူအသစ် (
လို့ထင်ပါတယ် ) ထွက်ပေါ်လာတာဟာ ကျနော်တို့လို စာဖတ်သူတွေအတွက်
ဝမ်းမြောက်စရာပါပဲ။ စာအုပ်ကတော့ သိပ်မကြာသေးခင်က ကျားချောင်းစာအုပ်တိုက်ကနေ
တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ထွက်ရှိထားတဲ့ စာအုပ်ပါ။
Lynn Sett
Comments
Post a Comment