သုမနလက်ထဲက ဂျော်နီဝါကားပုလင်းကွဲစ (သို့မဟုတ်) ကျားဖြူ



အညွှန်းရေးသူ - နေသန်  
စာအုပ်အမည် - ကျားဖြူ
ဘာသာပြန်သူ - သင့်လူ
မူရင်းစာအုပ်အမည် - The White Tiger
မူရင်းစာရေးသူ - Aravind Adiga
 
 --- မိဘပြည်သူများခင်ဗျား ဆိုတဲ့ ရည်းစားဟောင်းရဲ့ ညုတုတုလေသံလောက်တောင်မှ ရင်ခုန်စရာမကောင်းတဲ့ မိန့်ခွန်းတွေကို ငြီးငွေ့နေပြီဆိုရင် ညစ်ညူးမှုကို ဖြေဖျောက်ပေးမယ့် စာအုပ်တစ်အုပ်အကြောင်း ပြောပြပါရစေ။ ကျားဖြူပါတဲ့။ အိန္ဒိယလူမျိုးတစ်ယောက်ရဲ့ ဘွတ်ကာစာပေဆုရဝတ္ထု White Tiger ကို ဆရာသင့်လူ ဘာသာပြန်ထားတာပါ။
 


---အိန္ဒိယပြည်အကြောင်းဆိုတော့ ဆရာမြဘာသာပြန်တဲ့ သုခမြို့တော် နဲ့ ၂၀၀၈(?)အော်စကာပွဲမှာ အောင်ပွဲခံသွားတဲ့ Slumdog Millionaire တို့ကို သွားသတိရပါတယ်။ အရိုးဂေါင်ဂင်နဲ့လန်ချားသမား ပါတာချင်းအတူတူ မတူဘူး။ သုခမြို့တော်က အမွဲရောဂါကပ်ဆိုက်နေတဲ့ အိန္ဒိယပြည်ကို မျက်ရည်တောက်တောက်ကျလာအောင် မာသာထရီဇာ၊ ဟာစရီပါး၊ ကိုဗာစကီး တို့ကိုဇာတ်ကောင်ပြုလို့ ခြယ်မှုန်းထားတဲ့ ဝတ္ထု။ အဆုံးသတ်မှာ ကျွန်မတို့တတွေ ရှေ့လျှောက် မဆင်းရဲတော့ဘူး၊ ချမ်းသာတော့မယ်၊ ဒီနေ့မနက်တွင် ကျွန်မတို့ခေါင်းဆောင် အင်ဒီရာဂန္ဒီက ရေဒီယိုက ကြေညာသွားတယ်၊ ကျွန်မတို့ရဲ့ ပထမဆုံး အဏှမြူဗုံးကို ဖောက်ခွဲစမ်းသပ်လို့ အောင်မြင်သွားပြီတဲ့ ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အဆုံးသတ်ထားတဲ့ ပြင်သစ်လူမျိုးတစ်ယောက်ရေးတဲ့ ဝတ္ထု။ ဒီကျားဖြူမှာတော့ အိန္ဒိယလူမျိုးတစ်ယောက်က ကိုယ့်အမိမြေကို လည်ပြန်ကြည့်ထားတယ်။ ဇာတ်ပြောသူကျားဖြူက ဝမ်းနည်းစရာအတိဖြစ်ရပ်တွေကို ငိုချင်းမချဘဲ သရော်တော်တော် ထေ့လုံးတွေနဲ့ ပြောပြသွားတယ်။ ဒါကိုက ကျားဖြူရဲ့ ထူးခြားချက်။
 
---တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်ကို တိုင်တည်လို့ ပေးစာပုံမျိုးနဲ့ ရေးသွားတဲ့ ကျားဖြူမှာ ကိုယ့်မွေးနေ့ကိုယ် မသိတဲ့ ကလေးတွေပါတယ်။ လခနပ်မှန်အောင်မရလို့ ကျောင်းကျန်းမာရေးစီမံချက်က ဘတ်ဂျက်တွေဘုန်းတဲ့ ကျောင်းဆရာတစ်ယောက်သာရှိတဲ့ စာသင်ကျောင်းတွေပါတယ်။ အကျင့်ပျက်ခြစားနေတဲ့ ပြည်သူ့ရဲတွေပါတယ်။ လူသားအားလုံး သာတူညီမျှစေရမည် ဆိုတဲ့ အယူအဆကနေ သွေဖီနေတဲ့ မဟာဆိုရှယ်လစ်ကြီးပါတယ်(ကျွန်တော်တို့ဆီက မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် ဆိုတာလို နေမှာပေါ့) ရေ၊ မြေ၊ လေ စသည် အသီးသီး ပိုင်စားတဲ့နယ်စားတွေပါတယ်။ ဇာတ်ခွဲခြားမှုတွေ ပါတယ်။ အလုပ်ရဖို့အရေး ကိုယ့်ဘာသာတရားကို ဖုံးကွယ်ထားသူတွေပါတယ်။ မူးပြီးမောင်းလာတဲ့ ကားအတိုက်ခံရပေမင့် သေသလား၊ ရှင်သလားတောင် ဆင်းအကြည့်မခံရရှာတဲ့ ကလေးငယ်တွေပါတယ်။ လာဘ်ပေးလာဘ်ယူ တို့ကြည်ဖြူကာ ပနံရနေတဲ့ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေပါတယ်။ ကမ္ဘာ့အဆင့်မီဈေးဝယ်စင်တာကြီးတွေပါတယ်။ မိလ္လာစနစ်တောင် ကောင်းမွန်စွာ မရရှိတဲ့ အိမ်တန်းတွေပါတယ်။
 

---ဒီလို ဆင်းရဲခြင်းတွင်းနက်(အမှောင်) နဲ့ ချမ်းသာဝဖီးခြင်း(အလင်း)ကို ယှဉ်ထိုးပြသရာမှာ စာရေးသူဟာ မျက်ရည်ခံထိုးတဲ့ လေသံမျိုးကို မသုံးခဲ့ဘူး။ ဆရာဝန်မရှိတဲ့ ဆေးရုံမှာ တီဘီရောဂါနဲ့ ဖခင် သွေးအန်သေဆုံးတာရေးတဲ့နေရာမှာတောင် ပုဂ္ဂလိကအနာကို ရှေ့တန်းမတင်ဘဲ ယိုယွင်းနေတဲ့ နိုင်ငံရေးစနစ်ကို သရော်တော်တော်ငေါ့တယ်။ သရော်တော်တော်အသံနောက်က နာကျည်းမှုကိုတော့ ကျွန်တော်တို့ပဲ ဖော်ထုတ်ယူကြည့်ရမှာ။
 

---အမွဲတကာထွဋ်ခေါင်ဖွတ်မင်းနောင်လူတန်းစားမှာ မွေးဖွားလာတဲ့ ဇာတ်ကောင်ဟာ မတရားဝဖီးနေတဲ့လူ့မလိုင်တွေကိုတော့ အင်မတန်မုန်းတီးတယ်။ အစေခံကို လူလို မဆက်ဆံတဲ့ သခင်တွေကို ရှုံ့ချတယ်။ အဖိနှိပ်ခံဘဝက ရုန်းထွက်ရကောင်းမှန်းမသိတဲ့ ကျွန်လူတန်းစားကိုလည်း အားမလိုအားမရဖြစ်တယ်။
 

---[Spoiler Alert] Spoiler မဟုတ်ဘူး ပြောလို့လည်း ရပါတယ်။ စာအုပ်အစမှာကတည်းက ဇာတ်ကောင်ဟာ သူ့သခင်ကို သတ်ခဲ့တယ်လို့ ဝန်ခံထားခဲ့တာကိုး။ နေရောင်ကြောင့် အာရပ်ကို သေနတ်နဲ့ ပစ်ခဲ့တဲ့ မားဆိုးလိုတော့ မဟုတ်ပါဘူး။ သူ့ဘာကြောင့် သတ်ခဲ့သလဲဆိုတာကို အစက အဆုံး ဖြေရှင်းချက်ပေးတယ်။ ဒီ သူ့ဖြေရှင်းချက်ကပဲ အငြင်းပွားစရာတစ်ခုဖြစ်လာတာပါပဲ။
 

---ဆင်းရဲချမ်းသာကွာဟမှုကို သူက တရားခံအဖြစ် စွပ်စွဲထားပါတယ်။ “မင်းတွေ့တယ်မဟုတ်လား ဘယ်လ်ရမ်၊ မင်းသခင် အသောကဟာ အဲဒီငွေတွေကို ဒေလီက နိုင်ငံရေးသမားတွေကို လိုက်ပေးမယ်၊ သူတို့က ငှက်ကျားအင်ဆန်းစ်ပေးရမယ့် အခွန်တွေကို မသိချင်ယောင်ဆောင်နေမယ်။ အဲဒီအခွန်ငွေတွေကို ဘယ်သူပိုင်တာလဲ၊ ဘယ်သူ့အတွက်လဲ၊ မင်းတို့ ငါတို့လို တိုင်းသူပြည်သားတွေအတွက်ကွ၊ ဘယ်လ်ရမ်ရ။” (စာမျက်နှာ - ၁၉၉) သခင်အသောကရဲ့ငွေထုပ်ကို အလစ်သုတ်ပြေးဖို့ကြံတုန်း သူ့ကိုယ်သူ ပြန်ပြောနေတဲ့စကား။ အဲဒါကို ဖတ်ရတော့ ကဗျာတစ်ပုဒ်ကို သတိရသွားပါတယ်။ ဆရာမိုဃ်းဇော်ရဲ့ ကြေးစားဆိုတဲ့ကဗျာပါ။
 

---မွန်းကြပ်နေရတဲ့အထဲ
---အိမ်အပြန်အလုပ်သမလေးရဲ့
---အိနြေ္ဒသိက္ခာကို မထိပါးလိုဘူး။
---လော်ရန်ဇိုဆက်တီပေါ်မှာ
---မာတီနီနဲ့ ဇိမ်ကျနေတဲ့
---ကျားသစ်မတွေရဲ့ သွေးညှီနံ့ကိုသာ
---တစိမ့်စိမ့် အရသာခံချင်တယ်။
---ကြိုက်ရင် ခေါ်လိုက်လေ
---ကော်ဖီတစ်ခွက်နဲ့ လိုက်ခဲ့ဖို့ ဝန်မလေးသူ … … …
 

---ဒီကဗျာထဲက ယောက်ျားရဲ့စိတ်နေစိတ်ထားက မေးခွန်းထုတ်စရာဖြစ်တယ်။ နေ့စားအလုပ်သမလေးရဲ့ နွမ်းလျအိမ်ပြန်ကို မစော်ကားလိုတာကတော့ ချီးကျူးစရာပဲ။ ဒါပေမင့် မိန်းမတစ်ယောက် မာတီနီနဲ့ ဇိမ်ကျနေတာက ကဗျာထဲကယောက်ျား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်လား။ ဝတ္ထုထဲက ကျားဖြူသတ်လိုက်တဲ့သခင်က ဆင်းရဲသားလူတန်းစားအပေါ် ကုပ်သွေးစုပ်သူဖြစ်နေတာဟာ ဂျော်နီဝါကားပုလင်းကွဲစလက်ချက်နဲ့ မာလကီးယားဖို့ လက်သင့်ခံနိုင်စရာ အကြောင်းတစ်ခုလား။ ဒီလို လူ့ကျင့်ဝတ်ကင်းမဲ့သွားစေတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်မှာ ကျားဖြူ ဘာကို ရွေးချယ်သွားခဲ့သလဲဆိုတာကိုဖြင့် ကျွန်တော် ခုဖွင့်ချလိုက်ရင် စာအုပ်ဖတ်တဲ့အခါ အရသာပျက်သွားမှာပေါ့။ ဝတ္ထုအဆုံးသတ်က ဘယ်ဆီကို မျက်နှာမူခဲ့သလဲ၊ အလင်းဘက်ခြမ်းလား၊ အမှောင်ဘက်ခြမ်းလား ဆိုတာကို ရှာဖွေဖတ်ရှုပြီး အဖြေရှာကြည့်ကြပါခင်ဗျာ။

---ပွဲဦးထွက်ဝတ္ထုနဲ့တင်ပဲ စာပေသိက္ခာရှိတဲ့ ဘွတ်ကာဆု ဆွတ်ခူးသွားနိုင်ခဲ့တဲ့ မူရင်းစာရေးဆရာ အာရာဗင်း အဒီဂါကို အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိ မွန်ဘိုင်းမှာ နေထိုင်ပေမင့် သြစတြေးလျနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ ကိုလံဘီယာတက္ကသိုလ်မှာ အင်္ဂလိပ်စာပေကိုလေ့လာခဲ့တယ်။ သူ့အင်တာဗျူးတစ်ခုမှာ ကျားဖြူဟာ လွတ်လပ်မှုအတွက် ရုန်းကန်တဲ့လူတစ်ယောက်အကြောင်းပါလို့ ဆိုတယ်။ ဒီစာအုပ်ကို ဝိုင်းချီးမွမ်းတာတွေရှိသလို အဆိုးဝေဖန်တာမျိုးလည်းရှိပါတယ်။ ဒါဟာ အိန္ဒိယပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အသိအမှတ်မပြုလိုတဲ့ အနောက်တိုင်းနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု(conspiracy) လို့ သမုတ်သူလည်း ရှိပါတယ်။ ဂါးဒီးယန်းသတင်းစာကလည်း ဝတ္ထုက အပေါ်ယံကြောဆန်ပြီး အပြင်လူတစ်ယောက်က ရေးနေသလိုမျိုးဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။ သူ့အနေနဲ့ အိန္ဒိယပြည်အကြောင်း ဒီ့ထက်ခပ်နက်နက်နှိုက်လို့ရသေးတယ်လို့ ယုံကြည်ပါတယ်တဲ့။ အားလုံးက အသိအမှတ်ပြုကြတာကတော့ အမှောင်ကဲတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာတွေကို ထေ့လုံးတွေနဲ့ လှလှပပတင်ဆက်နိုင်ခဲ့ခြင်းပါပဲ။

---ဒီစာအုပ် အရောင်းရဆုံးစာရင်းထဲပါနေတာက မူရင်းစာရေးဆရာရဲ့ကလောင်စွမ်းကြောင့်ဟုတ်သလို ဘာသာပြန်ဆရာသင့်လူရဲ့ လေယူလေသိမ်းကြောင့်ဆိုရင်လည်း မမှားပါဘူး။ (တစ်နေ့က ကျောင်းမှာ လာဟောတော့ မူရာကာမိရဲ့ 1Q84ထဲက Don’t let the appearance fool you ကို ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ လို့ပြန်တာကို မကျေလည်သူတွေရှိတယ်လို့ ပြောသွားတာ ကြားလိုက်မိပါတယ်) ဆရာသင့်လူဟာ ဘယ်လိုဘယ်ဝါပါလို့ မိတ်ဆက်ပေးစရာမလိုမှန်းသိပါတယ်။ ဒါပေမင့် ကျားဖြူထဲက စာပိုဒ်တချို့ကို အမြည်းထုတ်နုတ်ပါရစေ။
---ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ထိန်ချင်သော်ငြား ဓာတ်တိုင်ကရှား
---သောက်ရေချိုက တဝေါဝေါ၊ ဘုံဘိုင်ခေါင်းက တခေါခေါ
---တယ်လီဖုန်းက အိမ်တိုင်းစေ့၊ လူကြီးမင်းနဲ့တွေ့
---ကလေးတွေက အာဟာရပြည့်၊ ပြည့်သော်ပြည့်ငြား လေနဲ့ဗျား (စာမျက်နှာ-၂၄)
---မူရင်းက I’m always a man who sees ‘tomorrow’ when others see ‘today’. ဆရာဘာသာပြန်တော့ ဝန်ကြီးချုပ်သိတော်မူတဲ့အတိုင်း သူများတွေ ဒီနေ့ကို မျက်တောင်မွေးတစ်ဆုံးကြည့်နေချိန်မှာ ကျွန်တော်က မနက်ဖြန်ကို မျက်စိတစ်ဆုံးကြည့်တတ်တဲ့သူလေ။ (စာမျက်နှာ-၂၅၉)

---ဒီစာအုပ်ဖတ်အပြီးမှာတော့ ဝမ်းနည်းကြေကွဲခြင်းတွေ ဆို့တက်လာပါတယ်။ အိမ်နီးချင်းအိန္ဒိယနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံ ဗြိတိသျှလက်အောက်ရောက်ခဲ့ဖူးတာလည်း အတူတူ။ လွတ်လပ်ရေးရပြီးတော့ သူတို့က အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် အသီးသီးကွဲတယ်။ ကျွန်တော်တို့က ဖြူနီပြာဝါရောင်စုံ ကွဲကြပြဲကြပြီး ပြည်တွင်းစစ်က ခုထိမငြိမ်းနိုင်သေး။ ယောက်ျားကြီးစိုးတဲ့ယဉ်ကျေးမှု ထွန်းကားတာချင်းလည်း အတူတူ။ ဘာသာရေးပဋိပက္ခတွေ တဂျိန်းဂျိန်းဖြစ်နေတာလည်း အတူတူ။ မတူတာက သူရို့မဇ္ဈိမတိုင်းမှာ ကမ္ဘာကျော်စာရေးဆရာတွေ ရှိတယ်။ Salman Rushdie, Amitav Ghosh စသဖြင့်ပေါ့။ (V.S. Naipaul ပါထည့်ဦးမလား) ကျွန်တော်တို့ဆီမှာတော့ အစိမ်းတို့မြေဖန်တီးသူ ပါစကယ်ခူးသွယ်ရယ်၊ အရှေ့တောင်အာရှစာပေဆုဆန်ကာတင်ဝင်ဖူးတဲ့ ဆရာမနုနုရည်-အင်းဝရဲ့ ပြုံး၍လည်းကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ (Smile as they bow) ကလွဲရင် ပြစရာရှိရဲ့လား။ ဘောလုံးကွင်းတွင် ဘောလုံးမကစားရ ဆိုတဲ့တိုင်းပြည်မှာ၊ စစ်တပ်က လယ်မြေသိမ်းလို့ မမောမပန်းနိုင်သေးတဲ့တိုင်းပြည်မှာ၊ ရေးစရာတွေက တစ်ပုံတစ်ပင်ပါပဲ။ ဒီတော့ မြန်မာစာရေးဆရာတွေရဲ့ ဝတ္ထုရှည်ကောင်းကောင်းတွေဖတ်ရဖို့ မျှော်လင့်နေပါတယ်ဆိုတဲ့အကြောင်းးးးးးးးးး။ ။

(စာကြွင်း ဆရာသင့်လူ ကျွန်တော့်ကို ပုဆိုးတစ်ထည်နဲ့ နှုတ်ပိတ်မယ်ဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာခံယူဖို့အသင့်ပါပဲ ခင်ဗျားးး)


နေသန်

Comments

Popular posts from this blog

တောဆရာဝန်-ထက်အောင်(ဗန်းမော်)

ကုန်းဘောင်ခေတ်၏ နောက်ဆုံးအားမာန်-မကြန်

စိတ်ပညာ(စိတ်နဲ့အပြုအမူကိုသိပ္ပံနည်းကျလေ့လာခြင်း) Psychology(The Science of Mind and Behavior)