မိုက်ကယ် ဆန်ဒဲ ပြောတဲ့ တရားမျှတမှု
အညွှန်းရေးသူ - Nyan Myo Aung
Book - Justice: What's the Right Thing to Do
Writer - Michael J. Sandel
ဒီလအတွက် Michael J. Sandel ရေးသားတဲ့ Justice, What’s the Right Thing to Do ဆိုတဲ့ စာအုပ်ကို ညွှန်းချင်ပါတယ်။ ဗမာပြည်မှာတော့ ဥပဒေအကြောင်း၊ ကိုယ်ကျင့်တရားအကြောင်း ပြောကြစတမ်းဆိုရင် ဥပဒေသမားကလဲ ရှိရင်းစွဲ ဥပဒေစာအုပ် တွေထဲက ပုဒ်မကြီး ပုဒ်မငယ်တွေကို ကိုးကားပြောဆိုတတ်ကြပြီး ကိုယ်ကျင့်တရားအကြောင်း ပြောသူအများစုဟာလဲ ငရဲပြည်၊ လူပြည်၊ နတ်ပြည်တွေကို အခြေခံတည်ဆောက်ထားတဲ့ ဘာသာရေးကျမ်းဂန်ထဲက ကျင့်ဝတ်သီလတွေအကြောင်းကို ပြောဆိုဆွေးနွေးတတ်ကြ ပါတယ်။ မတွေ့ရသလောက် ရှားပါးတာကတော့ “လူကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ ရှေ့နောက်ညီညွှတ်မှု ရှိတဲ့ ကိုယ်ကျင့် တရား အယူအဆ၊ တရားဥပဒေ အယူအဆတွေ” ပါပဲ။ ဒီဆောင်းပါးမှာ ဆန်ဒဲရဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို အမြည်းသဘော မိတ် ဆက်ပေးပါမယ်။ အပြည့်အစုံ ဖတ်လိုသူများကတော့ မူရင်းကို ရှာဖတ်ဖို့ တိုက်တွန်းလိုပါတယ်။
၂၀၀၄ ခုနှစ်မှာ မက္ကစီကို ပင်လယ်ကွေ့ဘက်က ဟာရီကိန်းမုန်တိုင်းတစ်ခုဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ကို ဖြတ်တိုက်သွားတယ်။ လူတွေ သေကျေမှုတွေ ရှိသလို လူနေအိမ်ခြေတွေလဲ ပျက်စီးခဲ့တယ်။ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရတဲ့ အိမ်ခေါင်မိုးတွေ ပြင်ဖို့၊ လဲကျနေတဲ့ သစ်ပင်တွေ ဖြတ်ဖို့ စတဲ့ ပြုပြင်ရေး စရိတ်တွေဟာ ပုံမှန်ထက် အဆများစွာ ဈေးနှုန်းတွေ တက်လာတယ်။ ဖလော်ရီဒါပြည်နယ်မှာ ဈေးနှုန်းထိန်းညှိရေး ဥပဒေ (price-gouging law) ရှိတဲ့အတွက် တရားရုံးဆီ တိုင်တန်းတာတွေ ဖြစ်လာတယ်။ ဒီမှာတင် အမြင်အမျိုးမျိုးနဲ့ ဝေဖန်တာတွေ ပေါ်ပေါက်လာတယ်။ တချို့ကတော့ လူအများ ဒုက္ခရောက်နေချိန်မှာ “အခွင့် အရေး” ယူပြီးတော့ အမြတ်ထုတ်တာကို ရှုံ့ချကြတယ်။ မျှတတဲ့ ဈေးနှုန်းအတိုင်းပဲ ဖြစ်သင့်တယ်လို့ ဆိုကြတယ်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွား စနစ်ကို (Free Market) ကာကွယ်လိုသူတွေကတော့ မျှတတဲ့ ဈေးနှုန်း (Just price)ဆိုတာ မရှိဘူး၊ ၀ယ်လိုအားနဲ့ ရောင်းလိုအား (Supply and Demand)က ပြဌာန်းပေးတဲ့ ဈေးနှုန်းပဲ ရှိတယ်လို့ ခုခံချေပကြတယ်။
ဒီမှာတင် မေးစရာတခု ပေါ်လာတယ်။ အဲဒါကတော့ ဘယ်အရာက လုပ်သင့်၊ လုပ်ထိုက်တဲ့ အရာလဲ ဆိုတာပဲ။ တနည်းအားဖြင့် ဥပဒေတွေဟာ ဘယ်လို ဖြစ်သင့်တယ်၊ လူအဖွဲ့အစည်းကို ဘယ်လို ဖွဲ့စည်းတည် ဆောက်သင့်တယ်၊ တရားမျှတမှုဆိုတာ ဘယ်လို ဖြစ်သင့်တယ် ဆိုတာကို မေးခွန်းထုတ်နေတာလဲ ဖြစ်ပါတယ်။ ဒီမှာဆွေး နွေးချက်တွေက အယူအဆ သုံးခုကို အခြေခံပြီးတော့ ပြောဆိုနေတာကို တွေ့ရပါတယ်။ ပထမတခုကတော့ “သာယာဝပြောမှုကို အမြင့်ဆုံး မြှင့်တင်ပေးနိုင်ရေး (maximizing welfare)”၊ ဒုတိယတခုကတော့ “လွတ်လပ်မှုကို လေးစားရေး (respecting freedom)”၊ တတိယတခုကတော့ “ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရား တွေကို အားပေးမြှင့်တင်ရေး (promoting virtue)” ဆိုတာပါပဲ။
(၁) တရားမျှတမှုကို အမျိုးမျိုး ဖွင့်ဆိုပြကြတာတွေထဲကမှ Utilitarianism (လူများစု သုခရရေး ပဓာန၀ါဒ) ရှု ထောင့်ကနေ ပြောဆိုဆွေး နွေးချက်ကို ပထမ မိတ်ဆက်ပေးချင်ပါတယ်။ ဒီအယူအဆကို စတင်တည်ထောင်သူ ကတော့ ဂျရမီဘန်သမ် (Jeremy Bentham) ဖြစ်ပါတယ်။ သူ့အဆိုအရဆိုရင် သုခနဲ့ ဒုက္ခကို ယှဉ်ထိုးနှိုင်း ယှဉ်ကြည့်လိုက်ရင် “သုခ (happiness)ကို အမြင့်ဆုံး မြှင့်တင်ပေး” နိုင်တာဟာ အကောင်းဆုံး ကိုယ်ကျင့်တရား စံနှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ ဘန်သမ်အဆိုအရ ဆိုရင် “ကောင်းကျိုး သုခ(utility)”ကို အမြင့်မားဆုံး မြှင့်တင်ပေးနိုင်ရင် ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်၊ လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘန်သမ်ရဲ့ အခြေခံယူဆချက်က ကျနော်တို့တွေ အားလုံးမှာ “သုခကို ခံစားနိုင်စွမ်း၊ ဒုက္ခကို နာကျင်နိုင်စွမ်း” ရှိကြတယ်။ ကျနော်တို့တွေ အားလုံးဟာ “သုခကို နှစ်သက်တယ်၊ နာကျင်မှု ဒုက္ခကို မုန်းကြတယ်”။ ဒီတော့ သုခကို အမြင့်မားဆုံး မြှင့်တင် ပေးနိုင်တာဟာ Utilitarianတွေရဲ့ အခြေခံကျင့် ၀တ်တရား ဖြစ်တယ်။ ဒီသဘောတရားကို လူတယောက်ချင်းစီ တိုင်းအတွက်တင် မဟုတ်ဘဲ လူ့အဖွဲ့အစည်းတရပ်လုံးအတွက်ပါ သုံးနိုင်တယ်။ အစိုးရဟာ ဥပဒေတခု ပြဌာန်း တော့မယ်၊ မူဝါဒတခု သတ်မှတ်တော့မယ် ဆိုရင် ဒီဥပဒေ၊ ဒီမှုဝါဒဟာဖြင့် “သက်ဆိုင်ရာ လူ့အသိုက်အ၀န်းရဲ့ ကောင်းကျိုး သုခကို အမြင့်မားဆုံး မြှင့်တင်ပေးနိုင်မလား” ဆိုတာကို စဉ်းစားရတယ်။
ဆိုပါစို့ အကြမ်းဖက်သမားတစ်ယောက်ကို စုံစမ်းထောက်လှမ်းရေးအဖွဲ့က ဖမ်းမိထားတယ်။ ဒီအကြမ်းဖက်သမားက လူထူထပ်တဲ့ နေရာမှာ ဗုံးထောင်ထားတယ် ဆိုပါစို့။ ဒီဗုံးဟာလဲ တစ်နာရီအတွင်းလောက်မှာ ပေါက်ကွဲတော့မယ် ဆိုပါစို့။ ဗုံးကို ဘယ်နေရာမှာ ထောင်ထားသလဲ ဆိုတာကို အကြမ်းဖက်သမားက ပြောလာအောင် စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့က စစ်မေးရတော့မယ်။ ပုံမှန်အတိုင်း မေးနေရင်တော့ အကြမ်းဖက်သမားက ဖြေမှာ မဟုတ်ဘူး။ ဒီတော့ ဒီလိုအခြေအနေမျိုးမှာ အကြမ်းဖက်သမားကို ညှဉ်းပန်းနှိပ် စက်ပြီးတော့ စစ်မေးသင့်သလား။ အကယ်လို့ နှိပ်စက်ညှဉ်းပန်းမှု မလုပ်ရင် အကြမ်းဖက်သမားဆီက ဗုံးဘယ်နေရာမှာ ထောင်ထား သလဲ ဆိုတဲ့ သတင်းကို မရပြန်ရင်လဲ တဖက်မှာ လူအများစု သေကျေကြရလိမ့်မယ်။ ဒီနေရာမှာ အထက်က လူများစု သုခပဓာန၀ါဒကို သုံးမလား စဉ်းစားစရာပါ။
Utilitarianismကို ငြင်းဆိုသူတွေလဲ ရှိပါတယ်။ လူများစု သုခပဓာန၀ါဒမှာ သိသာထင်ရှားတဲ့ အားနည်းချက်ကတော့ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို မလေးစားတာပဲ။ လူများစုရဲ့ နှစ်သိမ့်ကျေနပ်မှုကို ပဓာနထားခြင်းအား ဖြင့် လူတစ်ဦးချင်းစီရဲ့ လိုလားနှစ်သစ်ချက်တွေ ကို လစ်လျူရှု စတေးပစ်ပါတယ်။ သာဓက တခုပြောရရင် ရှေးတုန်းက ရောမမြို့မှာ ခရစ်ရှန်တွေကို ခြင်္သေ့စာ ကျွေးကြတယ်။ ဒါကို လူထုပရိသတ်က ပျော်ပွဲတစ်ခု၊ ဖျော်ဖြေပွဲ တစ်ခုလို သဘောထား ကြည့်ကြတယ်။ ခြင်္သေ့စာ အကျွေးခံရတဲ့ ခရစ်ရှန်ကတော့ ခြင်္သေ့နဲ့ ရင်ဆိုင်တွေ့ရချိန်မှာ ကြောက်ရွံ့မှုတွေ၊ ခြင်္သေရဲ့ ကိုက်ဖဲ့မှုကြောင့် နာကျင်မှုတွေ ခံစားရတယ်။ ဒါပေမယ့် လူထုပရိတ်မှာကျ ဒါကို ကြည့်ခြင်းအားဖြင့် မြူးထူးပျော်ရွှင်မှု ခံစားရတယ်။ ဒီလို အခြေအနေမျိုးမှာ utilitarianတွေရဲ့ အယူအဆဟာ တရားမျှတမှု တကယ် ရှိသလား။
ဘန်သမ်ရဲ့ Utilitarianismဟာ လူသားဂုဏ်သိက္ခာနဲ့ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ကိုယ်ကျင့် တရားစံတွေကို နာကျင်မှုနဲ့ သုခ ခံစားချက်တွေအဖြစ် လျော့ချပစ်ကြောင်း ဆွေးနွေးခဲ့ပြီးပါပြီ။
ဒီUtilitarianismကို ပိုပြီးတော့ လူသား ဆန်အောင် မွမ်းမံကယ်တင်ပေးသူကတော့ ဂျွန်စတူးအာ့တ်မေးလ် (John Stuart Mill)ပဲ ဖြစ်တယ်။ မေးလ်က လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးနဲ့ လူများစု သုခပဓာန၀ါဒကို ဆက်စပ်ပေးဖို့ ကြိုးစားခဲ့တယ်။ “တခြားသူတွေကို ဘေးအန္တရာယ် မဖြစ်စေသမျှ ကာလ ပတ်လုံး” လူတစ်ဦးချင်းစီဟာ သူတို့ကြိုက်နှစ်သက်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတယ်လို့ သူရဲ့ On Libertyစာအုပ်မှာ ရေးသား ထားတယ်။ လူတစ်ဦးချင်း လွတ်လပ်ခွင့်ကို ဇောင်းပေးရေးထားလို့ Millဟာ Utilitarianismရဲ့ သုခပဓာနစံနှုန်းကနေ သွေဖည်သွားပြီ လားလို့ မေးစရာ ရှိပါတယ်။ Millကတော့ သူပြောတဲ့ လူတစ်ဦးချင်း လွတ်လပ်ခွင့်ဟာ သုခပဓာနစံတွေပေါ် အခြေခံထားတယ်လို့ ဆိုပါတယ်။ တစ်ဦးချင်း လွတ်လပ်ခွင့်ကို လေးစားတာဟာ ရေရှည်မှာ လူသားတွေအတွက် အမြင့်မားဆုံး သုခကောင်းကျိုးကို ပေးလိမ့် မယ်လို့ သူက ခုခံချေပပါတယ်။ လူအများစုနဲ့ သဘောထား မတိုက်ဆိုက်သူတွေ၊ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်သူတွေကို နှိပ်ကွပ် ထားတာဟာ လတ်တလော ရေတိုမှာတော့ လူများစုအတွက် သုခကောင်းကျိုး ရတယ်လို့ ဆိုနိုင်ပေမယ့် ရှေရှည်မှာတော့ လူ့အဖွဲ့ အစည်းရဲ့ သာယာဝပြောမှုကို ပိုမိုဆိုးဝါးစေလိမ့်မယ်လို့ ဆိုပါတယ်။
လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ဟာ လူ့အဖွဲ့အစည်းကောင်းကျိုးကို ဘယ်လိုမျိုး မြှင့်တင်ပေးနိုင်တယ်ဆိုတာကို Millက ဆင်ခြေအမျိုးမျိုး ပေးပါတယ်။ လူအများစုနဲ့ သဘောထား မတိုက်ဆိုင်တဲ့ အမြင်တွေဟာ မှန်ကောင်း မှန်နေနိုင်ပါတယ်။ တစ်ပိုင်းတစ မှန်တာလဲ ဖြစ်နိုင်ပါတယ်။ အကယ်လို့ ဒီအမြင်ဟာ မှန်ခဲ့မယ်ဆိုရင် လူအများစု လက်ခံထားတဲ့အမြင် (အများညီ “ဤ” “ကျွဲ”ဖတ်အမြင်)တွေကို ပြုပြင်တည့်မတ်ပေးနိုင်ပါတယ်။ မမှန်တဲ့ အမြင် ဆိုရင်တောင်မှ လူအများစု လက်ခံထားတဲ့ အမြင်ကို မကြာခဏ တိုက်ဆိုင် စစ်ဆေးခြင်း အားဖြင့် တရားသေဆန်မှု၊ ဘက်လိုက်မှုတွေကို ရှောင်ရှားနိုင်တယ်။ လူ့အဖွဲ့အစည်းတစ်ခုဟာ သူ့အဖွဲ့ဝင်တွေ အားလုံးကို တရားသေ ဓလေ့ထုံးတမ်းတွေ၊ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကိုပဲ တွယ်ဖက်ထားအောင် တွန်းအားပေးခြင်းအားဖြင့် လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ “(လူ့အဖွဲ့အစည်းရဲ့) စွမ်းအင်နဲ့ သက်ဝင်လှုပ်ရှားမှုတွေ” ကို ဆိတ်သုဉ်းသွားစေလိမ့်မယ်။
(၂) တရားမျှတမှုကို ချဉ်းကပ်နိုင်တဲ့ နောက်ထပ် ရှုထောင့်တစ်ခုကတော့ လွတ်လပ်မှု ပဓာန၀ါဒ (Libertarianism) ပါ။ လွတ်လပ်မှု ပဓာန၀ါဒီတွေက ထိန်းချုပ်မှု မရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို လိုလားကြတယ်။ အစိုးရရဲ့ ထိန်းကျောင်းမှုတွေကို ကန့်ကွက်ကြတယ်။ ဒီလို ကန့်ကွက်ရတာက စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုမှာ ထိရောက်ရေးအတွက် မဟုတ်ဘူး။ လူသားတွေရဲ့ လွတ်လပ်မှုအတွက် ဖြစ်ပါတယ်။ သူတို့တွေ လက်ခံထားတဲ့ အဓိက အချက်ကတော့ လူသားတိုင်းမှာ လွတ်လပ်ခွင့် ရှိတယ်။ တခြားသူတွေရဲ့ အခွင့်အရေး ကို မထိပါးသရွှေ့ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ကိုယ်ကြိုက်သလို လုပ်နိုင်တယ်လို့ ခံယူထားကြတယ်။ ခေတ်သစ်အစိုးရတွေ ပြဌာန်းလေ့ရှိတဲ့ မူဝါဒသုံးမျိုးနဲ့ ဥပဒေသုံးခုကို လွတ်လပ်မှုပဓာန၀ါဒီတွေက လက်မခံကြဘူး။
အဲဒါတွေကတော့-
*အမိအဖကဲ့သို့ အုပ်ချုပ်မှု မရှိရေး(No Paternalism) -လူတွေ ကိုယ့်ကိုကိုယ် ဘေးအန္တရာယ် ဖြစ်စေမယ့် လုပ်ရပ်တွေကို မလုပ်ဖို့ တားမြစ်ကာကွယ်ပေးတဲ့ ဥပဒေမျိုးတွေကို လွတ်လပ်မှု ပဓာန၀ါဒီတွေက ကန့်ကွက်ကြ တယ်။ ဥပမာ ကားစီးတဲ့အခါမှာ ခါးပတ်, ပတ်ထားဖို့ ခိုင်းတဲ့ ဥပဒေမျိုး။ မော်တော်ဆိုင်ကယ် စီးတဲ့အခါ မော်တော်ဆိုင်ကယ် ဦးထုပ် ဆောင်းစီးဖို့ ထုတ်ပြန်ထားတာမျိုး။ တစ်ခြားသူ တစ်ဦးတယောက်ကို မထိခိုက်သရွေ့၊ မော်တော်ဆိုင်ကယ် စီးသူတွေဟာ (ထိခိုက်မိလို့ ဆေးရုံတက်တဲ့အခါ) ကိုယ့်ဆေး ဖိုးဝါးခကို ကိုယ်ဘာသာ ပေးနေနိုင်သရွေ့ ဘယ်လိုမျိုး စွန့်စားမှုကိုတော့ မလုပ်ရဘူး၊ ဘယ်လိုမျိုး စွန့်စားမှုကိုတော့ လုပ်ရမယ်ဆိုတာကို အစိုးရက ပြဌာန်းနိုင်ခွင့် မရှိဘူးလို့ လွတ်လပ်မှု ပဓာန၀ါဒီတွေက ဆင်ခြေတက်ပါတယ်။
*ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေပြဌာန်းမှု မရှိရေး (No Morals Legislation) -ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား အယူအဆတွေကို မြှင့် တင်ဖို့၊ လူအများစု သက်ဝင်ယုံကြည်တဲ့ ကိုယ်ကျင့်တရား တန်ဖိုးတွေကို မြှင့်တင်ဖို့အတွက် ဥပဒေပြဌာန်းပြီးတော့ အကြမ်းဖက် လိုက် နာခိုင်းတာကို လွတ်လပ်မှုပဓာန၀ါဒီတွေက ကန့်ကွက်ကြတယ်။ ပြည့်တန်ဆာလုပ်ခြင်းဟာ လူများစုအတွက်တော့ ကိုယ်ကျင့်တရား အားဖြင့် လက်ခံနိုင်စရာ မရှိပါဘူး။ ဒါပေမယ့် အရွယ်ရောက်ပြီးသူ နှစ်ယောက် သူတို့အချင်းချင်း သဘောတူညီချက်အရ လိင်မှုဆိုင်ရာ ဆက်စပ်မှုကို လုပ်ဆောင်တာကို ဥပဒေအားဖြင့် တားမြစ်ထားတာမျိုး။ ဒီဥပဒေဟာ တရားနည်းလမ်းကျကြောင်း (ဘယ်နည်း နဲ့မှ) သက်သေမထူနိုင်ပါဘူး။
*၀င်ငွေ သို့မဟုတ် ဓနဥစ္စာ မခွဲဝေမဖြန့်ဖြူးရေး (No Redistribution of Income or Wealth) -ချမ်းသာကြွယ်ဝ သူတွေက ကံမကောင်း အကြောင်းမလှသူတွေကို (ကျန်းမာရေး စောင့်ရှောက်မှု၊ နေအိမ်၊ ပညာရေး စတာတွေမှာ) ထောက်ပံ့ကူညီတာဟာ သဘောကျစရာ ကောင်းပေမယ့် လွတ်လပ်မှု ပဓာန၀ါဒီတွေကတော့ ဒီလိုမျိုး ကူညီဖို့၊ မကူညီဖို့ဆိုတာ သက်ဆိုင်ရာ လူပုဂ္ဂိုလ်ရဲ့ ဆုံးဖြတ်မှုပဲ ဖြစ်သင့် တယ်၊ အစိုးရက အမိန့်ထုတ် ညွှန်ကြားတာမျိုး မဖြစ်သင့်ဘူးလို့ ထောက်ပြကြတယ်။ သူတို့အဆိုအရတော့ ၀င်ငွေခွဲဝေဖြန့်ဖြူးရေး အတွက် အခွန်ကောက်ခံမှုဟာ “အကြမ်းဖက်မှုတစ်မျိုး” “ခိုးခြင်းတစ်မျိုး”ဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်သဘောထားကောင်းတဲ့ သူခိုး တစ်ယောက်က ချမ်းသာကြွယ်ဝသူတွေဆီက ငွေတွေကို ခိုးယူပြီးတော့ အခြေမဲ့အနေမဲ့တွေကို ထောက်ပံ့ပေးကမ်းနိုင်ခွင့် မရှိသလို၊ အစိုးရတစ်ရပ်ဟာလဲ ဆင်းရဲသူတွေကို ထောက်ပံ့မယ့် ပရိုဂရမ်တွေအတွက် ချမ်းသာကြွယ်ဝသူတွေဆီက အခွန်ကောက်နိုင်ခွင့် မရှိဘူး လို့ လွတ်လပ်မှု ပဓာန၀ါဒီတွေက စောဒကတက်ကြပါတယ်။
(စာရှည်လွန်းမှာ စိုးတဲ့အတွက် အမြည်းပေးတာကို ဒီမှာတင် ရပ်ထားပါရစေ။ အပြည့်အစုံကို ဖတ်ချင်ရင်တော့ Michael Sandel ရေးသားထားတဲ့ Justice, What is the right thing to do စာအုပ်ကို ရှာဖတ်ကြပါ။ မူရင်းစာအုပ်မှာတော့ သာဓက ဖြစ်ရပ်တွေ စုံစုံလင်လင်နဲ့ စဉ်းစားခိုင်းတာတွေ ပါဝင်တဲ့အတွက် ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။)
ဥာဏ်မျိုးအောင်
Comments
Post a Comment