I amsterdam-မျိုးဇေယျာဦး


အညွှန်းရေးသူ -  နေသန်

---ကိုမျိုးဇေယျာဦးကို အကြောင်းပြုလို့ အမ်စတာဒမ်ကို စာထဲကတဆင့် အလည်အပတ်ရောက်သွားတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကိုမျိုးဇေယျာဦးက သူ့ရဲ့အမ်စတာဒမ်သွားတောလားကို ဖတ်ကြည့်မလား မေးလာတော့ ချက်ချင်းပဲ ခေါင်းညိမ့်မိတယ်။ ခေးက အမ်စတာဒမ်ရူးရူးနေတာကြောင့်လည်း ပါမယ်ထင်ရဲ့။
 


---pdf နဲ့ စာမျက်နှာတစ်ရာစွန်းစွန်းရှိတဲ့ တောလားကို လန်ဒန်-အမ်စတာဒမ် ခရီးသွားအက်ဆေးလို့ လည်း ပြောလို့ရကောင်းရဲ့။ ပထမဆုံး ဟော်လန်နဲ့ နယ်သာလန် ဘယ်လိုကွဲသလဲ ဘာညာ စဖတ်ရတယ် (ပြည်နယ် ၁၂ ခုရှိတဲ့ နယ်သာလန်နိုင်ငံမှာ ဟော်လန်က ပြည်နယ် ၂ ခုကိုသာ ကိုယ်စားပြုကြောင်း စသဖြင့်ပေါ့) နောက်တော့ စာအုပ်ရဲ့နိဒါန်းမှာ ပြောထားသလို အမ်စတာဒမ်ရဲ့ သင်္ကေတတွေဖြစ်တဲ့ စက်ဘီး၊ ဆေးခြောက်၊ တူးမြောင်းနဲ့ ပြည့်တန်ဆာ တို့အကြောင်း ရောက်သွားတယ်။ ဆေးခြောက်(မုတ်) ဝယ်လို့ရတဲ့ ကော်ဖီဆိုင်တွေအကြောင်း ဋီကာဖွင့်တယ်။ အဲဒီ့နောက် ဥရောပနိုင်ငံတွေကြား ပတ်စပို့မလို ဖြတ်သန်းသွားနိုင်တဲ့ ရှန်းဂန် သဘောတူညီချက် အကြောင်း။ ပြတိုက်တွေ၊ ဂေးဘားတွေ၊ Fast Food ဆိုင်တွေအကြောင်းလည်း ပါသပေါ့။
 

---မုတ်နဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကိုလည်း တွေ့ရတယ်။ “ဒီဘက်တွေမှာက မုတ်သောက်တဲ့လူတွေကို ထောင်ထဲထည့်ဖို့ ဘယ်သူမှစိတ်မဝင်စားတော့ဘူး။ ဥရောပလို လူ့အခွင့်အရေးကို အလေးထားတဲ့နေရာမှာ ဘာမဟုတ်တဲ့ ဆေးခြောက်သောက်တာလေးနဲ့ လူတွေရဲ့ဘဝကို ထောင်ထဲထည့်ပြီး ဖျက်ဆီးဖို့ မလွယ်ဘူး။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြစ်ဒဏ်ချင်းမတူပေမယ့် ဘာမှမလုပ်ပဲ၊ ပစ္စည်းသိမ်းပြီး ပြန်လွှတ်ပေးလိုက်တာက များတယ်” (စာမျက်နှာ ၆၁)
 

---ဒီထဲမှာ ကျွန်တော် စိတ်အဝင်စားဆုံးတာက Airbnb ဆိုတာပဲ။ အရှည်က airbed (လေထိုးမွေ့ယာ) နဲ့ Breakfast (မနက်စာ) ကို ပေါင်းထားတာ။ အိပ်စရာနေရာပေးမယ်၊ မနက်စာကျွေးမယ်ပေါ့။ ဒီဇိုင်းကျောင်းထွက်လူငယ်နှစ်ယောက် အခန်းခပေးစရာမရှိလို့ ဘယ်လိုပိုက်ဆံရှာရမလဲ စဉ်းစားရင်း စခဲ့တဲ့ လုပ်ငန်းတစ်ခုလို့ ဆိုပါတယ်။ စိတ်ဝင်စားတဲ့အိမ်ပိုင်ရှင်တွေက အဲဒီ့ website မှာ စာရင်းသွင်းလို့ရပါတယ်တဲ့။ ဘွတ်ကင်းတိုင်းရဲ့ ၃ ရာခိုင်နှုန်းကိုသာဖြတ်ပြီး ကျန်တဲ့ ၉၇ ရာခိုင်နှုန်းကို အိမ်ပိုင်ရှင်တွေဆီ ပေးတဲ့အတွက် ဒေသခံတွေအတွက် အကျိုးဖြစ်ထွန်းမယ့် လုပ်ငန်းမျိုးပါပဲ။ (airbnb အကြောင်း စာအုပ်ထဲမှာ အပြည့်အစုံဖတ်လို့ရပါတယ်) ဒီဆိုက်မှာ မြန်မာပြည်ကနေ စာရင်းသွင်းထားတာ အိမ်အလုံးတစ်ရာကျော်ရှိတယ် ဆိုတာနဲ့ ရှာကြည့်တာ ခုဆို သုံးရာကျော်ထိကို တွေ့ရပါတယ်။ ဒါပေမယ့် အများစုက ဟိုတည်၊ တည်းခိုခန်းတွေဖြစ်ပြီး တိုက်ခန်းသီးသန့်၊ အခန်းသီးသန့်ငှားတာတွေကလည်း အိမ်ရှင်ရော အိမ်ငှားပါ အဖြူတွေချည်းဖြစ်နေတာ (review တွေကတဆင့်) တွေ့ရပါတယ်။
 

---စာအုပ်နဲ့မဆိုင်တာတွေ ဘေးချော်ထွက်တာတွေ လက်စသိမ်းရမယ်ဆိုရင် ငြီးငွေ့ဖို့မကောင်းတဲ့ ခရီးသွားအက်ဆေးတစ်ပုဒ်ပါပဲ။ မကြာခင်မှာ စာအုပ်အဖြစ် ထွက်ရှိလာတော့မယ်လို့ ယူဆရပါတယ်။ ။

နေသန်

(မှတ်ချက်။    ။ အခုတော့ စာအုပ်အဖြစ် ထွက်ထားပါပြီ။)

Comments

Popular posts from this blog

တောဆရာဝန်-ထက်အောင်(ဗန်းမော်)

ကုန်းဘောင်ခေတ်၏ နောက်ဆုံးအားမာန်-မကြန်

စိတ်ပညာ(စိတ်နဲ့အပြုအမူကိုသိပ္ပံနည်းကျလေ့လာခြင်း) Psychology(The Science of Mind and Behavior)