ထက်မြက်တဲ့ဓားသွား၊ ချိုမြတဲ့ပျားရည်စက်-ညီပုလေး


အညွှန်းရေးသူ - နေသန်

---မျက်နှာစုံညီစာအုပ်(Facebook) သိပ်ခေတ်မစားခင်က .ning ဆိုက်တွေမှာ လူစည်ဖူးတဲ့ကာလတစ်ခုကို ပြန်လွမ်းနေမိပါတယ်။ အဲဒီ့တုန်းက ကိုယ့်ကျောင်းကလူတွေချည်းသက်သက် ဆိုက်တစ်ခု၊ ဆေးကျောင်းလေးကျောင်းပေါင်းထောင်ထားတဲ့ဆိုက်တစ်ခုမှာ ဆေးကျောင်းသားဆေးကျောင်းသူတွေ အတော်လေးရင်းနှီးခဲ့ကြတယ်။ (အဲဒီ့ဆိုက်တွေ အခကြေးငွေပေးရတော့မယ်ဆိုတော့ ကျောင်းသားတွေ ပိုက်ဆံစုပြီး ဆက်ရပ်တည်ဖို့ထိ ကြံခဲ့ကြသေးတယ်၊ မအောင်မြင်ခဲ့ကြဘူးထင်ပါတယ်) အဲဒီ့ဆိုက်တွေက စကားဝိုင်းဆွေးနွေးပွဲတွေမှာ အေဂျေခရိုနင်ရဲ့ ရဲတိုက်က မပါမဖြစ်အကြောင်းအရာတစ်ခုဖြစ်ခဲ့တယ်။ ဒေါက်တာအင်ဒရူးမေဆန်လွှမ်းမိုးမှု ယဲ့ယဲ့လေးကျန်သေးတဲ့ ကာလတွေပေါ့။ ဒီနေ့ခေတ်ဆေးကျောင်းသားတွေရော ဟိုးအရင်ခေတ်ကဆရာဝန်ကြီးတွေလို မောင်ထွန်းသူဘာသာပြန်တဲ့ ရဲတိုက်ကို မက်မက်စက်စက်ရှာဖတ်ကြပါသေးရဲ့လား။


---ဆရာဝန်တစ်ယောက်ရဲ့အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ထွက်လာပါတယ်။ (ဆရာ)ညီပုလေးရေးတဲ့ ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက် ဆိုတဲ့စာအုပ်ပါ။ နာဂသိန်းလှိုင်လို့ လူသိများတဲ့ ဒေါက်တာသိန်းလှိုင်အကြောင်း။

---မြန်မာပြည်အတ္ထုပ္ပတ္တိစာပေမှာ ကိုယ့်အကြောင်းကိုယ်ရေးတာတွေလည်းရှိတယ်။ ဥပမာ- ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ၊ ပီမိုးနင်း၏ ပီမိုးနင်း။ ကိုယ့်အကြောင်း တခြားသူရေးတာတွေလည်းရှိတယ်။ ဥပမာ- အောင်သန်း၏ အောင်ဆန်း၊ သိန်းဖေမြင့်ရဲ့ ဆရာလွန်းအတ္ထုပ္ပတ္တိ၊ ပါမောက္ခဒေါက်တာဖေသိန်းရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ (စာအုပ်နာမည် ကျွန်တော်မေ့နေတယ်၊ သိသူများပြောပြပေးကြပါ)။ ခုစာအုပ်ကတော့ (ဆရာ)ညီပုလေးရေးတဲ့ နာဂသိန်းလှိုင်အကြောင်း။

---တရုတ်ကပြားဆရာဝန်အကြောင်း မန္တလေးသားစာရေးဆရာကရေးမယ်ဆိုတော့ စိတ်ထဲတော့ တစ်မျိုးတစ်မည်တော့ဖြစ်မိပါတယ်။ မန္တလေးမြို့မြေပုံကို တရုတ်ဘာသာစကားနဲ့ရနိုင်မလား မေးတဲ့အခြေအနေရောက်နေကြောင်း တအိအိအနောက်မှာ ဆိုတဲ့ဝတ္ထုတိုရေးဖူးတဲ့ ဆရာညီပုလေးဆိုတော့ ပိုမျက်ခုံးပင့်မိပါတယ်။ ဒါပေမင့် မန်းလေးသူမန်းလေးသားတွေ တရုတ်မုန်းတာ မြန်မာပြည်ဖွားတရုတ်လူမျိုးတွေကိုမဟုတ်ဘဲ မြန်မာစကားမပြောတဲ့ပြည်ကြီးတရုတ်တွေလို့ နှလုံးသွင်းပြီး စာအုပ်ကို ဆက်ဖတ်ပါတယ်။

---တကယ်တော့ အက်ဒဝပ်သွန်မဆင်ဟုတ်ဝမ်(အက်ဒီ) (ခ) မောင်သိန်းလှိုင်က ဆင်စွယ်နန်းတော်ပေါ်ကလူ။ အဖေက သထုံမြို့ရဲ့မျက်နှာဖုံးသူဌေး။ အိန္ဒိယပြည်ကို ကိုယ်ပိုင်သီးသန့်ရထားတွဲနဲ့ နယ်လှည့်ခဲ့တဲ့သူ။ ကျောင်းကို ကားနဲ့တက်တဲ့သူမရှိသလောက်ရှားတဲ့ခေတ်မှာ အော်စတင်အေဆဲဗင်းတီးစီးတက်လာတဲ့သူ။ ဒါပေမင့် ဒေါက်တာသိန်းလှိုင်က (ဆိုရှယ်လစ်ဆန်တဲ့ ဒါမှမဟုတ် ကွန်မြူနစ်ဆန်တဲ့ အသုံးအနှုန်းနဲ့ပြောရရင်) လူထုနဲ့ တစ်သားတည်းနေတဲ့ ဆရာဝန်။ ခွဲစိတ်ဆရာဝန်ကောင်းဖြစ်ချင်ရင် ဈေးသွားပါဆိုတော့ မရွံမရှာလေ့လာတဲ့သူ။ အလုပ်သင်ဆရာဝန်ဘဝမှာ သားဖွားရုံမှာ ကလေးမွေးပေးတဲ့အတွေ့အကြုံရဖို့ မိန်းမကိုယ်သန့်ရှင်းရေးလို အောက်ခြေအလုပ်တွေပါ လုပ်ပြီး သင်ယူခဲ့တဲ့သူ။

---တော်တတ်ထက်မြက်သလို ကိုယ်မှန်တယ်ထင်ရင် ဆ မကြောက်မရွံ့ပြောရဲတဲ့သူ။ ဗိုလ်ချုပ်ကြီးဦးနေဝင်းရဲ့ယောက္ခမဒေါက်တာဘသန်းက ဆေးကျောင်းသားတွေကို အမှာစကားခြွေရင်း ကုန်သည်သားသမီးက ကုန်သည်လုပ်ရမယ်ဆိုတော့ အတန်းကြီးကျောင်းသားတွေ၊ ဆရာဝန်ပေါက်စတွေကို ဓားပြသားသမီးက ဓားပြတွေသူခိုးတွေဖြစ်လာကြ၊ ဖာသည်မသားသမီးက ဖာခေါင်းတွေ၊ ဖာသည်တွေဖြစ်လာရမှာလားလို့ မေးတတ်တဲ့သူ။

---ဒီစာအုပ်ရေးတဲ့ (ဆရာ) ညီပုလေးဆိုတာက တလောက မန်းလေးနည်းပညာတက္ကသိုလ်မှာ ဂျူး၊ မသီတာ၊ တင်မောင်သန်းတို့ ပညာရေးအကြောင်း ပြောကြဆိုကြတော့ ကျောင်းသားသမဂ္ဂရဲ့အခန်းကဏ္ဍ ချန်လှပ်သွားတဲ့အကြောင်း ထောက်ပြတဲ့စာရေးဆရာမျိုး။ ဒီတော့ ဒေါက်တာသိန်းလှိုင် ၁၉၅၇ ခုနှစ် ဆေးကျောင်းသမဂ္ဂ ဥက္ကဌဖြစ်ဖူးတဲ့အကြောင်း ဘယ်ကျန်ခဲ့ပါ့မလဲ။ အဲဒီ့တုန်းက ကျောင်းသားသမဂ္ဂရဲ့ အရှိန်အဝါကလည်း မသေးခဲ့ဘူး။ (နောင်ဆေးတက္ကသိုလ်-မန္တလေးရဲ့ပါချုပ်ဖြစ်လာတဲ့) ဒေါက်တာဘသန်း အငြိမ်းစားယူဖို့ အသက်ပြည့်တော့ ကျောင်းသားအားလုံးရဲ့ဆန္ဒအရ ဆက်လက်ထမ်းဆောင်ပေးဖို့ ဒေါက်တာဘမော်ဆီ အရေးဆိုတာ အောင်မြင်ခဲ့တာမျိုးတွေရှိခဲ့တယ်။ (စကားမစပ် ကျောင်းမှာသမဂ္ဂဖြစ်မြောက်ရေးစည်းရုံးလှုပ်ရှားခဲ့သူတွေကို (ကိုယ်တိုင်က မစွမ်းသော်ငြား) လေးစားကြောင်း ထည့်ပြောပါရစေ)

---ကိုယ်တိုင်လည်းကျောင်းသားသမဂ္ဂဝင်(ဥက္ကဌ?) ဖြစ်ဖူးတဲ့ ဦးနုဟာ သမဂ္ဂရဲ့စွမ်းဆောင်ရည်ကို သိနေတော့ ကြောက်တယ်။ ဒီတော့ သူနဲ့ရင်းနှီးတဲ့ မောင်သိန်းလှိုင်ရဲ့ဖခင်ဦးတန်ဟုတ်ဝမ်ဆီကို ဖွဲနုဆီစက်လိုင်စင်နဲ့ မြှားတယ်။ တဖန် အလုပ်သင်ဆရာဝန် (၁၈၅)ယောက်မှာ အယောက်တစ်ရာ လစာမရတော့ ဆရာဝန်တွေ သပိတ်မှောက်ကြတော့ (ခု ဖဲကြိုးနက်လှုပ်ရှားမှုလိုပေါ့) နိုင်ငံရေးသမားတွေရဲ့ ညစ်တီးညစ်ကျယ်ကြပုံတွေကိုလည်း ဖတ်ရမယ်။ သပိတ်အသံကျယ်လာတော့ ဆွေးနွေးမယ်လို့ခေါ်ပြီး သူတို့လိုရာရေးထားပြီး အတင်းအကြပ်လက်မှတ်ထိုးခိုင်းတာမျိုးပေါ့။

---ဒေါက်တာသိန်းလှိုင်က တရုတ်ကပြားဆရာဝန်ဆိုတော့ ဗမာစကားကြွယ်မယ်မထင်ဘူး။ ကိုယ်မင်းသားလုပ်တဲ့အခါကျမှ သီချင်းဆန်းကပေါ်တယ်ဆိုသလိုပဲ တို့၊ လောဘ ကျောမတက်နေပြီ ဆိုတာတွေက ငှက်ပျောသီးလောက်နဲ့ အချိုကုန်နေတာဆိုတဲ့ လူထုဒေါ်အမာရဲ့သား ဆရာညီပုလေးရဲ့ အတတ်ပညာပဲဖြစ်လိမ့်မယ်ထင်ပါတယ်။

---ဆရာဝန်အတ္ထုပ္ပတ္တိဆိုပေမင့် ဓားသံတရွှတ်ရွှတ်၊ သွေးသံတရဲရဲဆိုတာမျိုးမဟုတ်ပါဘူး။ ဖခင်ဖြစ်သူ နာမကျန်းဖြစ်စဉ်က သဘာဝလွန်ဖြစ်ရပ်တွေကို ရင်သပ်ရှုမောဖတ်ရမယ်။ မြိတ်မြို့မှာ တာဝန်ထမ်းဆောင်တဲ့အကြောင်းပြန်ပြောင်းပြောတဲ့အခါ သူရင်းနှီးခဲ့ရတဲ့ ဂျပန်လူမျိုးတွေရဲ့ အတုယူစရာစရိုက်တွေကိုလည်း ဖတ်ရမယ်။ မြန်မာပြည်က အမ်ဘီဘီအက်စ်ဘွဲ့ကို စင်ကာပူနိုင်ငံက အသိအမှတ်ပြုအလုပ်ခန့်တဲ့ ခေတ်တစ်ခေတ်ကိုလည်း ပြန်လွမ်းရမယ်။ ဗျူရိုကရေစီယန္တယားအတွင်းက အထက်ဖားအောက်ဖိအကျင့်တွေကို အော်ဂလီဆန်ဆန်ဖတ်ရမယ်။

---ဇာတ်ရှိန်အမြင့်ဆုံးကတော့ သူ့ကို မလိုမုန်းတီးနေတဲ့၊ မိုးနတ်မင်းအမိန့်ကြောင့် လုပ်ရတာဆိုတဲ့ ဆရာဝန်ကြီးနဲ့ သူနဲ့ အချီအချပြောကြတဲ့ နောက်ဆုံးအခန်းပါပဲ။ ဘာကြောင့် (နာဂသိန်းလှိုင်လို့ နာမည်တွင်စေတဲ့) ဇင်္ဂလိန်းခန္တီးကို ပြောင်းရွှေ့နေရာချထားခံရသလဲဆိုတာကိုတော့ စာအုပ်ထဲမှာ ဆက်လက်ဖတ်ရှုကြပါခင်ဗျာ။ ချင်းတောင်အတွေ့အကြုံတွေကိုတော့ ဒုတိယပိုင်း(ဇာတ်သိမ်းပိုင်း)မှာ ဆက်လက်ဖတ်ရှုရမယ်လို့ မျှော်လင့်ပါတယ်။ ။

(မှတ်ချက်။   ။ လက်ရှိတွင် စာအုပ်မှာ (၃) တွဲပေါင်းချုပ် ထွက်ထားပါပြီ။)

Comments

Popular posts from this blog

တောဆရာဝန်-ထက်အောင်(ဗန်းမော်)

ကုန်းဘောင်ခေတ်၏ နောက်ဆုံးအားမာန်-မကြန်

စိတ်ပညာ(စိတ်နဲ့အပြုအမူကိုသိပ္ပံနည်းကျလေ့လာခြင်း) Psychology(The Science of Mind and Behavior)